BREAKING
May 4, 2025

မြိတ်တွင် နေ့ခင်းကြောင်တောင် စားအုန်းဆီပုံးလုယက်မှုအပါအဝင် လုယက်မှုဆက်တိုက်ဖြစ်လာ

June 26, 2023

မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း နေ့ခင်းကြောင်တောင် လုယက်မှုများ ဆက်တိုက်ဖြစ်ပွားလာကြောင်း မြို့ခံအချို့က ပြောသည်။

ဇွန်လ ၂၁ရက်က နောက်လယ်ရပ်ကွက်တွင် ဘေးတွဲယာဉ်တစ်စီးပေါ်မှ စားအုန်းဆီပုံး လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ယင်းရပ်ကွက်နေသူအချို့က ဆိုသည်။

အဆိုပါ ဘေးတွဲယာဉ်သည် ဆန်အပါအဝင် ၁၀ ပိဿာဆံ့ စားအုန်းဆီပုံးဝါတို့အား တင်ဆောင်လာစဉ် လူငယ်နှစ်ဦးက ဆိုက်ကယ်ဖြင့် လာရောက်ပြီး စားအုန်းဆီပုံးအား လုယက်ကြောင်း နောက်လယ်ရပ်နေသူအချို့က ပြောဆိုသည်။

“လုတာက လုတာနဲ့မတူဘူး။ လူမြင်ကွင်းမှာပဲ ဆိုင်ကယ်ပေါ်က အေးဆေးဆင်းလာပြီး ဆီပုံး လာမသွားတာ” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပြသည်။

အဆိုပါ ဆီပုံးလုယက်သူတို့ထံမှ ဘေးတွဲပေါ်ပါ လူငယ်နှစ်ဦးက ဆီပုံးအားပြန်လုရင်း ခိုက်ရန်အနည်းငယ်ဖြစ်ခဲ့ပြီး အနီးအနားနေသူတို့ ရောက်ရှိလာရာမှ လုယက်သူနှစ်ဦး ဆိုက်ယယ်ဖြင့် မောင်းထွက်ပြေးသွားကြောင်း ၎င်းက ဆိုသည်။

ယင်းနေ့တွင်ပင် မြိတ်ကမ်းနားလမ်းတွင် အမျိုးသမီးတစ်ဦး ဖုန်းပြောဆိုပြီး ဆိုင်ကယ်မောင်းလာစဉ် ဆိုင်ကယ် မောင်းနှင်လာသည့် လူငယ်တစ်ဦးက ဖုန်းအားလုယူ ထွက်ပြေးခဲ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ထို့အပြင် ဇွန်လ ၂၄ ရက်နေ့က မြိတ်တောင်ရပ်ကွက်တစ်ခုတွင် ညဦးပိုင်းအချိန်ခန့်က လမ်းနံဘေးပလက်ဖောင်းတွင် ဖုန်းသုံးနေသည့် လူငယ်တစ်ဦးအား အမျိုးသားသုံးဦးက ဆိုင်ကယ်ဖြင့် ရောက်လာပြီး ဓားထောက်ကာ ဖုန်းလုယက်ခဲ့ကြောင်း ယင်းရပ်ကွက်နေသူအချို့က ပြောသည်။

နေ့ခင်းဘက်၌ လူပြတ်သည့်နေရာတို့တွင် လမ်းလျှောက်လာသူတို့ထံမှ ဖုန်းလုခြင်း၊ ရွှေဆွဲကြိုးလုယက်ခြင်း၊ လက်ကိုင်အိတ် လုခြင်းတို့အား မကြာခဏ ဖြစ်ပွားနေကြောင်း မြို့ခံတချို့က ဆိုသည်။

“မြိတ်မှာက ဘယ်နားမှာ ဆိုင်ကယ်ပျောက်သွားတယ်။ ဖုန်းအလုခံရတယ်ဆိုတာက မကြားချင်အဆုံးပဲ။ နေ့တိုင်းပဲ ကြားနေရတယ်” ဟု ရေပုန်းရပ်ကွက်နေသူတစ်ဦးက ပြောသည်။

အဆိုပါ လုယက်သူအများစုတို့သည် လူငယ်ပိုင်းများဖြစ်ကြပြီး မူးယစ်ဆေးသုံးစွဲရန် ငွေကြေးလိုအပ်ချက်ကြောင့် လုယက်ခြင်းဖြစ်နိုင်ကြောင်း မြို့ခံအချို့က ဆိုသည်။

“အခုခေတ်က လမ်းသွားရင် သတိထားနိုင်မှ တော်ရုံကျတာ။ ကိုယ်ဖြစ်ရင် ကိုယ်ခံပဲ။ ဘယ်နေရာမှ တိုင်လို့မရဘူး။ ယောက်ျားလေးတစ်ယောက်တည်း သွားတာတောင် လူပြတ်တဲ့လမ်းတွေမျိုးကို မဖြတ်သွားသင့်ဘူး။ အခန့်မသင့်ရင် ဆိုင်ကယ်ပါ အလုခံရတတ်တယ်” ဟု ရွှေပြည်တန်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

အာဏာသိမ်းပြီးနောက်တွင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ကာ စားဝတ်နေရေး ကျပ်တည်းလာသဖြင့် လုယက်မှု၊ ခိုးမှုများ များလာခြင်းဖြစ်နိုင်ကြောင်းလည်း မြို့ခံအချို့က ဆိုသည်။