စစ်ကောင်စီတပ်သား မင်္ဂလာဆောင်နေသည့် ပုလောမြို့၊ မကျည်းကုန်းရွာရှိ စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရကြောင်း ဒေသခံများ ထံမှသိရသည်။
ယနေ့နံနက် ၈ နာရီဝန်းကျင်က မင်္ဂလာဆောင်နေသည့်အိမ်နှင့် ကပ်လျက်ရှိသည့် စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရသည်ဟု ဒေသခံများ ကပြောသည်။
“နှစ်ဖက်ပစ်ခတ်မှုက နာရီဝက်လောက်တော့ ရှိမယ်။ (၂၈၅)တပ်ထဲကလည်း အော်တိုတွေနဲ့ ပြန်ပစ်ကြတာ”ဟု ဒေသခံအမျိုးသား ကပြောသည်။
မင်္ဂလာဆောင်သည့် အမျိုးသားသည် ၂၈၅ တပ်ရင်းတွင် တာဝန်ထမ်းဆောင်နေသည့် တပ်ကြပ်ကြီးဟုသိရပြီး အမျိုးသမီးမှာ တပ်ရင်းအနီးနေထိုင်သည့် မကျည်းကုန်းရွာသူဖြစ်သည်ဟု ဒေသခံများ ကဆိုသည်။
“ထိခိုက်မှုက ရှိချင်လည်းရှိနိုင်တယ်။ အရပ်ထဲမှာတော့ ပြောတာမကြားရသေးဘူး” ဟုဒေသခံနောက်တစ်ဦး ကပြောသည်။
မကျည်းကုန်းရွာသည် ပုလောမြို့နှင့် အနီးဆုံးရွာဖြစ်ပြီး စစ်ဆေးရေဂိတ်အနီးတွင် စစ်ကောင်စီ၏ ၂၈၅ တပ်ရင်းရှိသည်။
ယင်းကျေးရွာတွင် ပြီးခဲ့သည့် မေလ ၂၅ ရက်နံနက်ကလည်း အလယ်တန်းကျောင်းအုပ် NON CDM ဆရာမတစ်ဦး ၎င်း၏နေအိမ်ရှေ့တွင် ပစ်သတ်ခံရသေးသည်။
