ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကြာအင်းဆိပ်ကြီးတွင် အမျိုးသမီးတစ်ဦးကို စစ်အာဏာရှင်တပ်က ပစ်ခတ်သဖြင့် သေဆုံး

January 22, 2026

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အမျိုးသမီးတစ်ဦးကို စစ်အာဏာရှင်တပ်က သေနတ်ဖြင့် ပစ်ခတ်သဖြင့် သေဆုံးကြောင်း ဒေသခံများနှင့် တော်လှန်ရေးအဖွဲ့များထံမှ သိရသည်။

ကြခတ်ချောင်းကျေးရွာအုပ်စု၊ ဝါးဘိုးကုန်းကျေးရွာက အသက် ၄၁ နှစ်အရွယ် ဒေါ်ခင်ဝိုင်းသည် ဇန်နဝါရီလ ၂၀ ရက် ညနေ ၆ နာရီခန့်တွင် ရော်ဘာခြံတွင် ရော်ဘာအစေးခြစ်နေစဉ် ကြာအင်းဆိပ်ကြီးအခြေစိုက် စစ်အာဏာရှင် ခလရ ၂၈၄ တပ်ရင်းက တပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ကြောင်း ဒေသခံများထံမှ သိရသည်။

ဒေါ်ခင်ဝိုင်းသည် ဦးခေါင်းတွင် ကျည်ထိမှန်ပြီး အခင်းဖြစ်နေရာတွင် သေဆုံးကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ရော်ဘာခြစ်နေတဲ့အချိန်မှာ ပစ်ခတ်ခံရတာ။ ခြံကတော့ ၂၈၄ တပ်ရင်းနဲ့ မဝေးဘူး။ အဲဒီတပ်ရင်းကနေ လှမ်းပစ်တာ။ ရော်ဘာခြံမှာ လူတွေ အစေးခြစ်နေတာကို သိလျက်နဲ့ ရည်ရွယ်ချက်ရှိရှိကို ပစ်သတ်သွားတာ” ဟု ၎င်းက ပြောဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်မှု တစ်စုံတစ်ရာမရှိဘဲ သေနတ်ဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ခလရ ၂၈၄ တပ်ရင်းသည် ပြည်သူတစ်ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့ကြောင်း ဒေသတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Phoenix – Special Warfare Force က ထုတ်ပြန်သည်။

ကြာအင်းဆိပ်ကြီးမြို့နယ်သည် စစ်ကော်မရှင်က ဇန်နဝါရီလ ၂၅ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ အပိုင်း (၃) တွင် ပါဝင် နေပြီး မြို့နယ်အတွင်း လုံခြုံရေးတင်းကျပ်ထားသလို ဒေသတွင်း စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှု ပြုလုပ်နေကြောင်း ဒေသခံများက ပြောဆိုသည်။