ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ကျိုက်ထိုတွင် တိုက်ပွဲကြောင့် ထွက်ပြေးနေရသည့်ဒေသခံများ အရေးပေါ်အကူအညီလို

February 21, 2026

ပုံစာ - တောထဲ ထွက်ပြေးတိမ်းရှောင်နေကြသည့် ကျိုက်ထိုဒေသခံများ။ ဓာတ်ပုံ - ကေအဲန်ယူ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း စစ်အာဏာရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများကြောင့် ထွက်ပြေးနေကြရသည့် ဒေသခံပြည်သူများ အရေးပေါ်အကူအညီလိုအပ်နေကြောင်း အကူအညီပေးနေသူတို့ထံမှ သိရသည်။

စစ်အာဏာရှင်တပ် အင်အား ၅၀၀ ခန့်သည် ဖေဖော်ဝါရီလ ၇ ရက်ကစပြီး ကျိုက်ထိုမြို့နယ်၊ ခရွဲကျေးရွာအုပ်စု၊ ဝင်းကံ ကျေးရွာအုပ်စုနှင့် ဖိုးဝါးသိမ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများဘက်သို့ စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ဝင်ရောက်လာကြောင်း ဒေသခံများက ပြောသည်။

အဆိုပါစစ်ကြောင်းများနှင့် တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တို့အကြား ဖေဖော်ဝါရီလ ၁၀ ရက်အထိ တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

“တိုက်ပွဲကတော့ အခုအချိန်မှာ ပြင်းထန်နေတာမျိုးတော့ မရှိတော့ဘူး။ ဒါပေမဲ့ ဒေသခံတွေကတော့ အခုချိန်ထိ နေရပ် မပြန်ရဲသေးဘူး။ ဘာလို့လဲဆိုတော့ အဲဒီဒေသတွေမှာ စစ်တပ်က အခုအချိန်အထိ အထိုင်ချထားတဲ့ပုံစံမျိုးနဲ့ ရှိနေတော့ ရွာသားတွေက ပြန်ဖို့က အဆင်မပြေသေးဘူး” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

စစ်အာဏာရှင်တပ် စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် အလူးကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာအုပ်စု၊ ခရွဲကျေးရွာအုပ်စုနှင့် ဝင်းကံကျေးရွာအုပ်စုတို့အတွင်းရှိ ကျေးရွာပေါင်း ၁၉ ရွာမှ အိမ်ခြေ သုံးထောင်နီးပါးက လူဦးရေ ၁၃၀၀၀ နီးပါးတို့က ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြေင်း ဒေသခံများနှင့် ကူညီနေသူများထံမှ သိရသည်။

ကျိုက်ထိုမြို့နယ်အတွင်း စစ်ဘေးရှောင်စခန်း မရှိသည့်အတွက် ထွက်ပြေးနေရသူများသည် နီးစပ်ရာ ဆွေမျိုး၊ မိတ်ဆွေအိမ်နှင့် တောတောင် ခြံတို့တွင် တဲထိုးပြီး နေနေကြရကြောင်း ဆိုသည်။

ထွက်ပြေးတိမ်းရှောင်နေကြသူများ ပြန့်ကြဲနေသည့်အတွက် အကူအညီပေးရန် အခက်အခဲရှိသလို တိမ်းရှောင်နေရသည်မှာ တစ်ပတ်ကျော်ကြာလာသည့်အတွက် အစားအသောက်နှင့် ဆေးဝါးလိုအပ်ချက်များ ရှိလာကြောင်း စစ်ဘေးရှောင်များကို အကူအညီပေးနေသူများက ပြောဆိုသည်။

“စစ်ရှောင်တွေက တစ်နေရာတည်းမဟုတ်ဘူး၊ ပြန့်ကြဲနေတယ်။ အဆင်ပြေတဲ့နေရာမှာ အဆင်ပြေသလို နေနေကြရတဲ့ အတွက် တစ်ခါတည်း ထောက်ပံ့မှုတွေ လုပ်ဖို့ဆိုတာကလည်း အဆင်မပြေဘူး။ လက်လှမ်းမီသလောက်ပဲ ထောက်ပံ့ပေးနိုင်တဲ့အနေအထားရှိတယ်” ဟု ကျိုက်ထိုမြို့နယ်အတွင်းက စစ်ဘေးရှောင်များကို အကူအညီပေးနေသူတစ်ဦးက ပြောသည်။

ကျိုက်ထိုမြို့နယ်အပါအဝင် သထုံခရိုင်အတွင်းရှိ သထုံ၊ ဘီးလင်းနှင့် ဘားအံမြို့နယ်တို့တွင် စစ်အာဏာရှင်တပ် လက်နက်ကြီး ဖြင့် ပစ်ခတ်မှုကြောင့် ဒီဇင်ဘာလနှင့် ဇန်နဝါရီလ နှစ်လအတွင်း အသက် ၃ နှစ်ရွယ် ကလေးငယ်တစ်ဦး အပါအဝင် အရပ်သား ကိုးဦးထက်မနည်းသေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသည်ဟု ကေအဲန်ယူသထုံခရိုင်၏ အချက်အလက်များအရ သိရသည်။

ယင်းအပြင် ကော်အာဏာရှင်တပ် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၁၀ လုံး ထက်မနည်းလည်း ထိခိုက်ပျက်စီးခဲ့သည်။