ကော့သောင်းမြို့တွင် ယနေ့နံနက် ဆီတင်ကားနှင့် ဆိုင်ကယ်တိုက်မိပြီး ကျောင်းသားတစ်ဦး သေဆုံးခဲ့ကြောင်း မြို့ခံအချို့ထံမှသိရသည်။
သေဆုံးသူမှာ ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာ အထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသည့် ၁၂ တန်းကျောင်းသား မောင်ပြည့်ဦးပိုင်ဖြစ်ကြောင်း မြို့ခံအချို့ကပြောသည်။
မောင်ပြည့်ဦးပိုင်မှာ ကော့သောင်းမြို့ ရွှေပြည်သာရပ်ကွက်မှ ယနေ့ နံနက် ၉ နာရီခန့် တွင်ကျောင်းတက်ရန် ဆိုင်ကယ်ဖြင့် ကျောင်းသို့လာချိန် အေးရိပ်ငြိမ်ရပ်ကွက်ရှိ ဘောလုံးကွင်းအနီး တိုက်မိခဲခြင်းဖြစ်ကြောင်း မြိုခံအမျိုးသားတစ်ဦးကပြောသည်။
“ဖြစ်တဲ့အချိန်မှာမိုးလည်း တစ်အားရွာနေတယ်။ ဆိုင်ကယ်စလစ်ဖြစ်သွားတယ်လို့ထင်တယ်”ဟု ယင်းအမျိုးသားကပြောသည်။
ယာဉ်တိုက်မှုနှင့် ပတ်သက်သည့် အသေးစိတ်အခြေအနေကို မသိရသေးသော်လည်း မြို့ခံအချို့က မိုးသည်းထန်နေသဖြင့် ဆိုင်ကယ်စလစ်ဖြစ်သွား ခြင်းဟုဆိုကြသည်။
ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသည့်ကျောင်းသား၏ ရုပ်အလောင်းကို ယနေ့နံနက်ပိုင်းတွင် အေးရိပ်ငြိမ်ရပ်ကွက် လူမှုကူညီ ရေးအသင်း၏ကားဖြင့် အခင်းဖြစ်နေရာမှ ကော့သောင်းပြည်သူ့ဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းမှစ၍ မိုးသည်းထံစွာရွာသွန်းနေပြီး ယနေ့ နံနက်ပိုင်းတွင် လေပြင်းကြောင့် သစ်ပင်များလဲကျကာ နေအိမ် အဆောက်အအုံ အချို့မှာလည်း အမိုးလန်ပျက်စီးခဲ့သည်။







