စစ်ခေါင်းဆောင်တွေ ထားဝယ်လာတိုင်း သွေးမြေကျရတယ်။ ဘယ်လိုစိတ်ဓာတ်မျိုးနဲ့များ လုပ်ရက်ကြတာလဲ။
အခုလည်း ထားဝယ်ဒေသခံတွေရဲ့ သွေးတွေ၊ မျက်ရည်တွေပေါ်မှာ ကျေကျေနပ်နပ် ပြုံးပျော်ပြီး လျှောက်လာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်။ သွေးစွန်းနေတဲ့ ဖဲကြိုးတွေကို ဂုဏ်ယူစွာနဲ့ ဖြတ်ဖို့ရောက်လာတဲ့ လူသတ်လက်တစ်စုံ။
ထားဝယ်မြို့တော်ခန်းမသစ်ကြီးကို ခမ်းနားကြီးကျယ်လှစွာ ဖွင့်လှစ်နိုင်ဖို့အတွက် အဲဒီမြို့တော်ခန်းမနဲ့ သိပ်မဝေးတဲ့ အရပ်ဒေသတွေဆီကို လေယာဉ်တွေလွှတ်ပြီး အပြစ်မဲ့ပြည်သူတို့ရဲ့ ခေါင်းပေါ် ဗုံးကြဲချသူတစ်ယောက်ရဲ့ ခရီးစဉ်။
မနေ့ကပဲ ပကာရီ၊ ကင်းရှေ့၊ ဝေဒီ အစရှိတဲ့ ကျေးရွာတစ်ဆယ်ကျော်အပေါ် စစ်လေယာဉ်တွေပျံဝဲပြီး ဗုံးမိုးတွေရွာချခဲ့သေးတယ်။ ဘုရားစာရွတ်သံတညံညံ ထွက်ပေါ်ရာ ဘုန်းကြီးကျောင်းတွေ၊ ကလေးငယ်တို့ရဲ့ ပညာသင်ရာ စာသင်ကျောင်းတွေကိုတောင် ချမ်းသာမပေးခဲ့။
မြေပြင်ပေါ်မှာတော့ အသက်မဲ့သွားတဲ့ ခန္ဓာကိုယ်တွေ၊ သွေးအိုင်ထဲက အနာတရတွေ၊ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိအောင် ထိတ်လန့်တုန်လှုပ်နေတဲ့ မျက်လုံးတွေ၊ အော်ဟစ်ငိုကြွေးသံတွေသာ ကျန်ရစ်ခဲ့ရပြီ။ ဘယ်လိုမှ ခွင့်လွှတ်လို့မရတဲ့ ရက်စက်မှုပါပဲ။
အိုးအိမ်ကို စွန့်ခွာပြီး ဘယ်ဆီကို ဦးတည်ပြေးလို့ပြေးရမှန်း မသိတော့တဲ့မိသားစုများစွာရဲ့ ခြေလှမ်းတိုင်းမှာ နာကျင်မှုနဲ့ မသေချာမရေရာမှုတို့ကသာ အရိပ်မည်းကြီးသဖွယ်ကြီးစိုးလို့နေပါတယ်။ ဒီမြင်ကွင်းတွေမြင်ရတိုင်း မြင်ရတိုင်းမှာ ရင်ကွဲလုမတတ်ခံစားခဲ့ရပါတယ်။
အခမ်းအနားတစ်ခုအတွက် မြို့ပေါ်မှာ ဆေးရောင်စုံတွေနဲ့ အလှဆင်နေကြသတဲ့လား။
အနီးအနားကျေးရွာတွေမှာတော့ ယမ်းခိုးနံ့၊ သွေးညှီနံ့၊ ချစ်ရသူတွေကို ဆုံးရှုံးလိုက်ရလို့ ရှိုက်ကြီးတငင်ငိုကြွေးနေသူတို့ရဲ့ အသံတွေနဲ့သာ ဖုံးလွှမ်းနေပါတယ်။
စစ်ခေါင်းဆောင်တွေလာမှာမို့ မြို့ပေါ်မှာတော့ အရာအားလုံးက ပုံမှန်လိုလို၊ ပိုပြီးတောင် သာယာနေသယောင် ဟန်ဆောင်ထားတာ စစ်အုပ်စုတွေ မသိသလိုနေနိုင်ပေမယ့် ပြည်သူတွေရင်နာနာနဲ့ တွေ့နေရတယ်။
ပလက်ဖောင်းတွေကို ဆေးသုတ်လိုသုတ်၊ ကျောင်းသားလူငယ်လေးတွေကို မလာမနေရ အတင်းခေါ်လိုခေါ် ဒါတွေဟာ စစ်အုပ်စုက ဂျင်းထည့်နေကျ ဇာတ်ညွန်းအဟောင်းကြီးဆိုတာ ပြည်သူတွေသိတယ်။
ကျောင်းသားလူငယ်လေးတွေဆိုလည်း သူတို့ မိဘတွေနေတဲ့ ကျေးရွာတွေကို ဗုံးကြဲသတ်ဖြတ်နေသူကို လက်ပြကြိုဆိုဖို့ အဓမ္မစေခိုင်းပြင်ဆင်နေကြတာကို ကြိတ်ခံနေကြရရှာမှာပါ။
ကမြောကင်းတံတား(ထားဝယ်မြစ်ကူးတံတား) ဖွင့်ပွဲ အခမ်းအနားတုန်းကလည်း အလားတူပါပဲ။ မှတ်မိကြဦးမယ်ထင်ပါတယ်။
၂၀၂၃ ခုနှစ်၊ မတ်လက ထားဝယ်မြစ်ကူးတံတား ဖွင့်ပွဲမတိုင်မီ လောင်းလုံးမြို့နယ်တကျော မီးလောင်တိုက်သွင်းခံခဲ့ရတာကိုလေ။ အိမ်ခြေ ၁၅၀ ကျော် ပြာကျသွားခဲ့ပြီး အပြစ်မဲ့ပြည်သူတတွေရဲ့ ဘဝများစွာကို ရက်ရက်စက်စက် နင်းခြေဖျက်ဆီးခဲ့တာတွေကိုလေ။
ပြာပုံတွေကြားထဲ အသက်ရှင်ကျန်ရစ်သူတို့ရဲ့ မျက်ရည်တောင် မခြောက်သေးခင် စစ်ဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ အောင်လင်းဒွေးဆိုသူက တံတားသစ်ကြီးပေါ်တက်လို့ ဖဲကြိုးဖြတ် အောင်ပွဲခံပြခဲ့သေးတာ။
အခုလည်းနောက်တစ်ကြိမ် ပြည်သူကိုကာကွယ်ရမယ့်အစား ပြည်သူကိုသတ်ဖြတ်ပြီးမှ တည်ဆောက်ထားတဲ့ မြို့တော်ခန်းမအဆောက်အအုံကြီးကို မင်းအောင်လှိုင်က လာပြီး ဂုဏ်ယူစွာ ဖွင့်လှစ်ပြလိုက်သေးတယ် မဟုတ်လား။
စစ်အုပ်စုကတော့ ဒါကို ဖွံ့ဖြိုးတိုးတက်မှုလို့ ခေါင်းစဉ်တပ်ချင်တပ်ပါလိမ့်မယ်။ ပြည်သူတွေအတွက်ကတော့ အဲဒီမြို့တော်ခန်းမရဲ့ တိုင်တစ်လုံးချင်းစီ၊ အုတ်တစ်ချပ်ချင်းစီတိုင်းဟာ ထားဝယ်ပြည်သူတွေရဲ့ နာကျင်မှု၊ ဆုံးရှုံးမှုနဲ့ မျက်ရည်စက်တွေ စွန်းထင်းနေတဲ့အရပ်ပဲဖြစ်ပါလိမ့်မယ်။
နောန်ပြည့်ဝ