BREAKING
November 25, 2025

ကော့သောင်းတွင် စစ်အာဏာရှင်တပ်ဖွဲ့ လှေဖြင့်လာစဉ် တိုက်ခိုက်၊ လှေနစ်မြုပ်၍ တပ်သားများ သေဆုံး

September 16, 2025

ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့သို့ လှေဖြင့်လာသည့် စစ်အာဏာရှင်တပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်အာဏာရှင် တပ်သားများ စီးလာသည့် လှေတစ်စင်းနစ်မြုပ်သွားကာ သေဆုံးမှုရှိကြောင်း ကော့သောင်းခရိုင်ပကဖ၏ ထုတ်ပြန်ချက်နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။

စစ်အာဏာရှင်တပ်ဖွဲ့ဝင် အင်အား တစ်ရာခန့်သည့် စက်တင်ဘာလ ၉ရက် နံနက်တွင် ခမောက်ကြီးမြို့၊ ခမောက်ငယ် ကျေးရွာအပိုင်ရှိ ယုဇန ဆီအုန်းပျိုးခင်းသို့ ရောက်ရှိလာကြောင်း ကော့သောင်းခရိုင်ပကဖ၏ ယနေ့ စက်တင်ဘာလ ၁၆ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့နောက် နေ့လယ် ၁၂နာရီခွဲခန့်တွင် စစ်အာဏာရှင်တပ်သား အင်အား ၃၀ ဝန်းကျင်က ခမောက်ငယ်ရွာသို့ လှေနှစ်စီးဖြင့် စစ်ကြောင်းထိုးလာကြောင်း ဖော်ပြသည်။

ယင်းသို့ စစ်ကြောင်းထိုးလာစဉ် ခမောက်ငယ်ကျေးရွာအနီးတွင် ကော့သောင်းခရိုင်တော်လှန်ရေးအင်အားစုများက စောင့်ကြိုတိုက်ခိုက်ကြရာ လှေတစ်စီးနစ်မြုပ်သွားကြောင်း ကော့သောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

တစ်နာရီခန့်ကြာမြင့်သည့် အဆိုပါတိုက်ပွဲအတွင်း ယုဇနဆီအုန်းခြံတွင် ကျန်ခဲ့သည့် စစ်အာဏာရှင်တပ်သားများက ၁၂၀မမ နှင့် ၈၁ မမ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များဘက်ကမူ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း ၎င်းက ဆိုသည်။

“စက်လှေက လှေငယ် သစ်ခွံလှေဖြစ်ပြီး လူအယောက် ၂၀လောက် တင်လို့ပါတယ်။ နယ်မြေရှင်းလင်းရေးလုပ်တာ ခြောက်လောင်းတော့ တွေ့ရတယ်။ မတွေ့ရတဲ့အလောင်းတွေလည်း ရှိတယ်” ဟု အထက်ပါတာဝန်ခံက ပြောဆိုသည်။

ကော့သောင်းခရိုင် ပကဖထုတ်ပြန်ချက်တွင် ဖော်ပြထားသည့်ဓာတ်ပုံများအရ သေဆုံးနေသည့် စစ်အာဏာရှင်တပ်သားအလောင်းများကို မြင်တွေ့ရသည်။

စက်တင်ဘာလ ၁၀ရက်တွင်လည်း ကော့သောင်းမြို့ဘက်မှလာသည့် စစ်အာဏာရှင်တပ်သား စစ်ကူအင်အား ၅၀ ဝန်းကျင်သည် မလိဝန်းကျေးရွာ ဆယ်အိမ်စုအနီးအရောက်တွင် ကော့သောင်းခရိုင်တော်လှန်ရေးအင်အားစုများက စောင့်ကြိုတိုက်ခိုက်ကြရာ တိုက်ပွဲ နှစ်ကြိမ်ထပ်ဖြစ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုတိုက်ပွဲတွင် စစ်အာဏာရှင်တပ်သားများ အထိနာပြီး လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့က ဆိုသည်။

ယင်းနောက် စစ်အာဏာရှင်အလောင်းများနှင့် ဒဏ်ရာရသူများကို သယ်ကာ ကော့သောင်းမြို့ဘက်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း ၎င်းတို့က ပြောသည်။

တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်သားများ၏ ထိခိုက်သေဆုံးမှုအခြေအနေကို Dawei Watch အနေဖြင့် စုံစမ်းနေဆဲ ဖြစ်သည်။

ကော့သောင်းမြို့ရှိ စစ်အာဏာရှင်၏ အမှတ် ၂၆၂ ခြေလျင်တပ်ရင်းက တပ်သားများ အပါအဝင် ကော့သောင်းခရိုင်အတွင်းရှိ စစ်အာဏာရှင်တပ်သားများ ပူးပေါင်းကာ စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။