မွန်ပြည်နယ်၊ ရေးမြို့နယ်အခြေစိုက် စစ်အာဏာရှင် ခြေမြန်တပ်ရင်းတစ်ခုဖြစ်သည့် ခမရ ၅၉၁ သို့ ပို့ဆောင်ခံထားရသည့် စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ခုဖြစ်သည့် ရေးဘီလူးအဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ဖမ်းမိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။
ထွက်ပြေးလာသူသည် အသက် ၂၆ နှစ်အရွယ် ကိုရဲမြတ်ဝင်းဆိုသူဖြစ်ပြီး ၎င်းသည် မြိတ်မြို့ရှိ ကားဝပ်ရှော့တစ်ခုတွင် အလုပ်လုပ်နေစဉ် စစ်အာဏာရှင်တပ်က စစ်မှုထမ်းစုဆောင်းရန် ဖမ်းဆီးခြင်းခံရသူဖြစ်ကြောင်း ရေးဘီလူးတပ်ဖွဲ့ထံမှ သိရသည်။
စစ်မှုထမ်း စုဆောင်းခံရပြီးနောက် တနင်္သာရီတိုင်းရှိ စစ်သင်တန်းကျောင်းတွင် သင်တန်းတစ်လခွဲခန့်သာ တက်ရောက်ခဲ့ရပြီးနောက် ခမရ ၅၉၁ သို့ အပို့ခံရကာ စစ်အာဏာရှင်တပ်၌ လေးလကျော်ကြာ နေထိုင်ခဲ့ရကြောင်း ကာယကံရှင်၏ ပြောပြချက်ကို ကိုးကား၍ ရေးဘီလူးတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။
“သူတစ်ယောက်တည်းပဲ ထွက်ပြေးလာတာ။ အခြားအဖွဲ့အစည်းတွေနဲ့လည်း အချိတ်အဆက် လုပ်ထားတာမရှိဘူး။ အခုလောလောဆယ်ကတော့ ထိန်းသိမ်းပြီး စောင့်ကြည့်ထားပါတယ်” ဟု ၎င်းက ပြောဆိုသည်။
၂၀၂၄ ခုနှစ် ဧပြီလကလည်း ခမရ ၅၉၁ မှ ထွက်ပြေးလာသည့် စစ်မှုထမ်းသင်တန်းဆင်း တပ်သားတစ်ဦးကို ရေးဘီလူးအဖွဲ့က ဖမ်းဆီးရမိခဲ့ဖူးသေးသည်။
တနင်္သာရီတိုင်းတွင် စစ်မှုထမ်းစုဆောင်းခံရသည့် သင်တန်းသားများမှာ သင်တန်းဆင်းပြီးနောက် မွန်၊ ကရင်၊ ရခိုင် စသည့် ဒေသများရှိ စစ်အာဏာရှင်တပ်ရင်းများနှင့် ရှေ့တန်းစစ်မျက်နှာများသို့ ပို့ဆောင်ခံရကာ ထွက်ပြေးလွတ်မြောက်သူအချို့ရှိသလို သေဆုံးသူများလည်းရှိကြောင်း ကာယကံရှင် မိသားစုများနှင့် မိတ်ဆွေများထံမှ သိရသည်။







