BREAKING
November 15, 2025

ဆောင်းဦး၏ ငိုညည်းသံ

November 15, 2025

ထားဝယ်ဒေသဆောင်းဦးရာသီဟု ဆိုလိုက်သည်နှင့် နှင်းမှုန်လေးတွေကြား အရှေ့လေစီးကြောင်း သယ်ဆောင်လာမည့် အေးချမ်းမှုကိုသာ တမ်းတခဲ့ရသည်။

သဘာဝတရားကြီးက အေးချမ်းသည့် လက်တစ်စုံဖြင့် ထားဝယ်ဒေသကို ပွေ့ဖက်ရန် အသင့်ပြင်နေပြီဟု ထင်မှတ်ခဲ့ရသော်လည်း တကယ်တမ်းမှာ ယခုနှစ်ဆောင်းဦး မျှော်လင့်ထားသည့် ပုံစံဖြင့် အစပြုခွင့် မသာခဲ့ပေ။

ဖြူဖြူဖွေးဖွေး နှင်းရည်စက်လေးများ မြေပေါ် ဖုံးလွှမ်းလာမည့် မြင်ကွင်းအစား၊ မိုးနတ်သား၏ မျက်စိလည်မှုလေလား၊ သည်းကြီးမဲကြီး ရွာချလိုက်သည့် မိုးစက်များကသာ ဆောင်းဦးအိပ်မက်များကို စတင်ခြေမွှ ဖျက်ဆီးပစ်ခဲ့သည်။

မိုးရာသီအပြီး အေးချမ်းသည့် ဆောင်းရာသီကို ခိုလှုံရင်း ရိတ်သိမ်းချိန်ကို မျှော်နေကြသည့် တောင်သူဦးကြီးတို့၏ မျက်ဝန်းများတွင် စိုးရိမ်သောကများ ပြည့်လျှံခဲ့ရပြီ။

ဆောင်းဦးကာလသည် ထားဝယ်ဒေသတစ်ခွင်လုံး ရွှေရောင်ဝင်းနေသည့် စပါးခင်းများ နေရာယူထားသည့် လှပသည့် ပန်းချီကားတစ်ချပ်ပမာ ဖြစ်နေရမည့် အချိန်။

သို့သော် ယခုမူ စပါးပင်များသည် ရေအောက်တွင် နှစ်မြှုပ်ခံထားရသည့် အခြေအနေသို့ ဆိုက်ရောက်နေရသည်။ မှည့်ဝင်းလွန်းသဖြင့် ကောက်ရိတ်ရန် အသင့်ဖြစ်နေပြီဖြစ်သည့် စပါးနှံများသည် ရေစိမ်ခံရသောအခါ ပျက်စီးခြင်းသို့ ဦးတည်နေကြကိုသာ ဝမ်းနည်းဖွယ် ကြည့်နေရရှာသည်။

မိုးစဲလျှင် ရာဘာခြစ်မည်၊ ပင်လယ်ထဲ ငါးဖမ်းထွက်မည်ဟု မျှော်လင့်ထားကြသည့် ဒေသခံတို့၏ အိပ်မက်များသည်လည်း မိုးရေထဲ မျောပါသွားခဲ့ရပြီ။

ရာဘာခြစ်တောင်သူများမှာ အချိန်အခါမဟုတ် မိုးကြောင့် ၎င်းတို့၏ နေ့စဉ်စားဝတ်နေရေးအတွက် အဓိကကျသည့် အလုပ်များကို မလုပ်နိုင်သေးဘဲ ဆုံးရှုံးမှုများနှင့် ရင်ဆိုင်နေရရှာသည်။

တောင်သူတို့၏ မျက်နှာတွင် ဖြူဆွတ်ဆွတ် အပြုံးမဲ့ခြင်းကသာ နေရာယူထားကြဆဲ။

သဘာဝတရားကပင်လျှင် ထားဝယ်သားတို့အပေါ် ရက်စက်လွန်းလှပြီဟု ထင်မှတ်မိသော်လည်း ဆောင်းဦး၏ မုန်တိုင်းကား သဘာဝ၏ ရိုက်ခတ်ဒဏ် တစ်ခုတည်းတော့ မဟုတ်ခဲ့။

သွေးညှီနံ့များ၊ မီးခိုးနံ့များကို သယ်ဆောင်လာသော စစ်အာဏာရှင်တပ်စစ်ကြောင်းကလည်း နိုဝင်ဘာ အအေးဓာတ်နှင့်အတူ ထားဝယ်၏ ဆောင်းဦးကို မွှေနှောက်ဖျက်ဆီးခဲ့သည်။

ထားဝယ်ဆောင်းဦး၏ သဘာဝအလှမှာ ရိုးရှင်းလှသည်။

စိမ်းလန်းသည့်တောင်တန်း၊ ပြာလဲ့လဲ့ပင်လယ်၊ မနက်စောစော နှင်းဆိုင်းသည့် လမ်းမများပေါ်တွင် အနွေးထည်ကိုယ်စီဖြင့် လမ်းထွက်လာသူများ၊ ထန်းပင်တန်းကြားက ဓနိရည်ချိုချိုလေးတစ်ခွက်…

ယခုနှစ်တွင်မူ ထိုထိုသော ပျော်ရွှင်မူများ ခံစားခွင့် မရနိုင်တော့ပေ။

ပတ်ဝန်းကျင်တစ်ခုလုံးက စိုစွတ်ထိုင်းမှိုင်းပြီး လေထဲတွင် ဝမ်းနည်းမှု၏ အငွေ့အသက်များ ပြည့်နှက်နေသည်။

မိုးရေများ ရွှဲရွှဲစိုနေသည့် မြေပြင်ထက်တွင် အပြန်အလှန် ပစ်ခတ်နေကြသည့် လက်နက်ကြီး၊ငယ် အသံများက ဆောင်းဦး၏ သာယာအေးချမ်းမှုကို ဖျက်ဆီးခဲ့သည့် တရားခံများ ဖြစ်သည်။

နားကွဲမတတ် ပစ်ခတ်သံများ၊ အနီးအနားသို့ ကျရောက်လာသည့် ဗုံးသံများသည် ဒေသခံ ပြည်သူတို့၏ နှလုံးသားကို တစ်စစီ ဆုတ်ဖြဲနေသည့်နှယ်ပင်။

ပွင့်လင်းရာသီ စပြီဆိုသည်နှင့် စစ်၏ ပဋိပက္ခ မကောင်းဆိုးဝါးတို့က ထားဝယ်ဒေသကို ဝါးမြိုပစ်မည်လော။

ဟိုပြေးသည်လွှားခြင်းဖြင့် ဆောက်တည်ရာမရသည့် ဘဝများသည် မြင်မကောင်းသည့် ရုပ်ပျက်ဆင်းပျက် ပန်းချီကားတစ်ချပ်ပမာ ဖြစ်နေခဲ့သည်။

မျက်ရည်စက်တို့နှင့် ရေစိုနေသည့် မြေပြင်ပေါ်တွင် အရပ်သားတို့သည် စစ်အာဏာရှင်တပ်၏ ဖမ်းဆီးညှင်းပန်းခံရပြီး ဒဏ်ရာများနှင့် ပြည့်နေခဲ့သည်။

နေအိမ်တို့သည်လည်း စစ်အာဏာရှင်တပ် လက်ချက်ကြောင့် ပြာကျခဲ့ရပြီး၊ နောက်ထပ် မီးအရှို့ခံရမလားဆိုသည့် စိုးရိမ်သောက က ထားဝယ်လေထုထဲ ပျံ့လွင့်နေဆဲ။

ရဟန်းရှင်ပြု အလှူဒါယိကာ၊ မင်္ဂလာယူမည့် မောင်နှံတို့၏ ပျော်ရွှင်စရာ မင်္ဂလာပွဲများ ရုတ်တရက် ဖျက်သိမ်းခံလိုက်ရသည့် ခံစားချက်ကို ကိုယ်ချင်းစာကြည့်လျှင် ရင်ထဲ သောကဗလောင်ဆူနေမည်မှာ မလွဲလှပေ။

ကလေးများ၊ သက်ကြီးရွယ်အိုများပါမကျန် ဘေးလွတ်ရာသို့ ပြေးလွှားရသည့် မြင်ကွင်းများသည် အကျည်းတန်လွန်းလှသည်။

ကသောင်းကနင်း၊ ရုန်းရင်းဆန်ခတ် ဆန်လွန်းသည့် ဤဆောင်းဦးမုန်တိုင်းသည် ဘယ်အချိန်အထိ တိုက်ခတ်နေမည်နည်း။

တိုက်ပွဲကြား ပိတ်မိနေသည့် ရွာများထဲ ဆောင်းဦး၏ ခြောက်သွေ့သွေ့ လေပူတစ်ချက် အဝေ့တွင် သွေးညှီနံ့ ကို ခံစားလိုက်ရသည်။ ဤသည်မှာ ဆောင်းဦးမုန်တိုင်းထဲ ကြွေကျ မြေခသွားသည့် ကြယ်ကလေးတို့၏ သွေးများ၊ အိမ်နိမ့်စံ ပြည်သူတို့၏ သွေးများသာ ဖြစ်ပေလိမ့်မည်။

အိမ်မဲ့ယာမဲ့ ဖြစ်ရသည့်ဘဝ၊ ဘေးလွတ်ရာသို့ ရောက်ရန် အသည်းအသန် ပြေးနေရသည့် လူသားတို့၏ ပုံရိပ်များသည် ဤနှစ်ဆောင်းဦး၏ မှတ်တမ်းတင် ဓာတ်ပုံများပင်။

တကယ်တမ်း မျှော်မှန်းခဲ့သည့် ဆောင်းဦးကား မြူနှင်းစက်မှုံများ၊ အေးချမ်းမှု၊ ဓနိရည်ချိုချိုတစ်ခွက် စသည့်တို့သာဖြစ်သင့်သည်။

သည်းထန်သည့်မိုး၊ ပျက်စီးဆုံးရှုံးမှု၊ လက်နက်သံနှင့် အကျည်းတန်သည့် မြင်ကွင်းများ၊ သွေးညှီနံ့တို့ မဟုတ်ခဲ့ပါ။ မဟုတ်ရပါ။

လက်ခံမနိုင်သော်လည်း ထားဝယ်ဒေတွက် ဤဆောင်းဦးသည် ဝမ်းနည်းမှု၊ ဆုံးရှုံးမှုတို့ကို ရင်ဆိုင်ရသည့် ခက်ခဲသော ရာသီတစ်ခုအဖြစ်သာ မှတ်တမ်းတင်ရတော့မည်။

သို့သော် ဤအခက်အခဲများကြား ကြံ့ကြံ့ခံ ရပ်တည် အသက်ရှင်ဖို့ ကြိုးစားရင်း တစ်နေ့ကျလျှင် အေးချမ်းသည့် နှင်းဖြူဖြူ ဆောင်းဦး ကို ပြန်လည်ယူဆောင်လာလိမ့်မည်ဟု မျှော်လင့်မိပါသည်… မျှော်လင့်နေဆဲပါ။

နောန်ပြည့်ဝ