ထိုင်းရောက် မြန်မာအလုပ်သမားများအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောင်ဘတ်) အသစ် လုပ်ငန်းစဉ်များ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် စတင်လုပ်ဆောင်နိုင်ပြီဖြစ်သည်။
မြန်မာ၊ လာအို၊ ဗီယက်နမ် သုံးနိုင်ငံက အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားများ ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့မှ စ၍ တရားဝင် အလုပ်လုပ်ခွင့် မှတ်ပုံတင်ရန် လျှောက်ထားခွင့် ရရှိသည်။
ကနဦးအဆင့်ဖြစ်သည့် အမည်စာရင်း (Name List) တင်သွင်းမှုကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၁၅အတွင်း လျှောက်ထားရမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာထားသည်။
ယနေ့ အမည်စာရင်း တင်သွင်းထားသော မြန်မာအလုပ်သမားများသည် Name list စာရွက်အစား ဘောတော် ၅၀ စာရွက်နှင့် ငွေရှင်းဖြတ်ပိုင်းကို ရရှိနေပြီဖြစ်ကြောင်း မြန်မာအလုပ်သမား အကျိုးဆောင်တစ်ဦးက ပြောသည်။
“ဒီနည်းက အဆင့်ကို ကျော်သွားတဲ့သဘောပေါ့။ ဒီတော့ မြန်မြန်ပြီးသွားတာပေါ့။ ဒီစာရွက်တွေ ရလာတာနဲ့ အဖမ်းအဆီး တွေအတွက် စိတ်ပူစရာ မလိုတော့ဘူး။ ဒီတစ်ခေါက်တော့ work permit (အလုပ်လုပ်ခွင့်လက်မှတ်) ရတဲ့အထိ မြန်မြန် ပြီးကြမယ်လို့ မျှော်လင့်လို့ရတယ်” ဟု ဘန်ကောက်ရှိ မြန်မာအလုပ်သမား အကျိုးဆောင်တစ်ဦးက ပြောသည်။
နောက်ထပ် လုပ်ငန်းစဉ်များဖြစ်သည့် သွေးစစ်ခြင်း၊ လဝကတွင် ဇီဝအချက်အလက်သွင်းခြင်း၊ အလုပ်လုပ်ခွင့် လက်မှတ် အတွက် ငွေသွင်းခြင်းများကို လာမည့် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ လုပ်ဆောင်ရမည်ဖြစ်သည်။
အလုပ်လုပ်ခွင့်လက်မှတ် (ဘိုင်အနုမတ်စာရွက်) ကို ထိုင်းအစိုးရဘက်က မတ်လ ၂၆ ရက်နေ့ နောက်ဆုံးထား ထုတ်ပေးမည်ဖြစ်ကြောင်း ထိုင်းအစိုးရက ကြေညာထားသည်။
အလုပ်လုပ်ခွင့်လက်မှတ် အသစ်လျှောက်ထားသူများသည် လာမည့် ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ နေထိုင်ခွင့် သက်တမ်း ၁ နှစ် ရရှိမည်ဖြစ်သည်။
အလုပ်လုပ်ခွင့်လက်မှတ် ရရှိလာပြီး လဝကတွင် ဇီဝအချက်အလက်သွင်းပြီးသူများအနေဖြင့် နိုင်ငံကူးလက်မှတ် သို့မဟုတ် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) ရှိထားပါက ဇွန်လ ၂၆ ရက်နေ့အထိ နေထိုင်ခွင့် ဗီဇာကို ရယူနိုင်မည်ဖြစ်ကြောင်း မြန်မာအကျိုးဆောင်များထံမှ သိရသည်။
အကယ်၍ နိုင်ငံကူးလက်မှတ် မရှိသူများအနေဖြင့် CI စာအုပ်ဖွင့်လှစ်ပေးမည့်အချိန်တွင် စာအုပ်လျှောက်ထား၍ ဗီဇာ ရယူရမည်ဖြစ်သည်။
နောက်ဆုံးအဆင့်ဖြစ်သော ပန်းရောင်ကတ် (Non Thai ID Card) ကို ၂၀၂၆ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့အထိ ထုတ်ယူနိုင်ကြောင်း အကျိုးဆောင်များထံမှ သိရသည်။
အလုပ်လုပ်ခွင့် လက်မှတ်အသစ် လျှောက်ထားသူများသည် မှီခိုသားသမီးများပါ တစ်ပါတည်း လျှောက်ထားနိုင်ကြောင်း ထိုင်းအစိုးရက ကြေညာထားသည်။







