BREAKING
November 12, 2025

ဆဲခြင်း၏ ဝန်ထုပ်ဝန်ပိုး - ကိုယ်တွေရဲ့ဒေါသဟာ သူတို့အတွက် ဝင်ငွေ

November 12, 2025

ဘီစီ..ဘီစီ..ဘီစီ..။ ဒီကာလတွေထဲမှာ မရိုးနိုင်အောင်ကြားရတဲ့ စကားလုံးပါ။ တစ်ချိန်တည်းမှာပဲ သပိတ်မှောက်ကြဟေ့ဆိုတဲ့ ညာသံပေးတာနဲ့အတူ ထပ်ပြီးကြားရတာက ဆဲသံဆိုသံတွေပါ။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ဟာ ထောင်ချောက်မိသွားကြပါတယ်။

ဒါနဲ့ ဆက်စပ်ပြီး ဆိုရှယ်မီဒီယာခေတ်ရဲ့ အကျည်းတန်ဆုံး အမှန်တရားတစ်ခုအကြောင်း ပြောကြည့်ရအောင်ပါ။ ဒါကတော့ ကျွန်တော်တို့ရဲ့ ဒေါသတွေကို သူတို့…သူတို့တွေက ဝင်ငွေနဲ့ ကျော်ကြားမှုအဖြစ် ပြောင်းလဲယူနေကြတယ်ဆိုတာပါပဲ။

သပိတ်မှောက်ခြင်းကို ပြန်ကောက်ပါရေစ။ တိုတိုပြောရရင် သပိတ်မှောက်တယ်ဆိုတာက အဆက်အဆံမပြုချင်တာ၊ အထိအတွေ့မလုပ်ချင်တာလို့ နားလည်နိုင်ပါတယ်။ ဒါပေမဲ့ အဲဒီလို အဆက်အဆံမလုပ်ချင်သူလို့ သတ်မှတ်ထားတဲ့ လူတစ်ယောက်ရဲ့ တင်သမျှပို့စ်တွေ၊ ပြောသမျှ စကားတွေ၊ လုပ်သမျှ ဟာသတွေ၊ ဆိုသမျှ သီချင်းတွေကို အူမချေးခါးမကျန် စောင့်ကြည့်နေ၊ မျှဝေနေကြတာတွေကိုလည်း တွေ့နေရပါတယ်။

ဒါကို ရဲရဲဝံ့ဝံ့ကြီး ငြင်းချက်ထုတ်၊ ဆင်ခြေကန်မယ့်သူတွေလည်း ဘီစီလုပ်တဲ့အရေအတွက်ထက်တောင် ပိုများနိုင်ပါတယ်။ “ဟ..သူဘာလုပ်လဲ၊ သူဘာပြောလဲတွေသိမှ ဘယ်လိုတုံ့ပြန်ရမယ်ဆိုတာကို သိမှာပေါ့ကွ”လို့ ဒေါသတကြီး လုပ်အုပ်ကြီးနဲ့ ဖိကောင်းလည်း ဖိပါလိမ့်မယ်။ တချို့ကလည်း သူ့ကို အားပေးချင်လို့ ကြည့်နေတာမဟုတ်ဘူး။ ဆဲချင်လို့ကို လိုက်ကြည့်နေတာ” လို့ ဒဲ့တိုးကြီး ပြောကောင်းပြောပါမယ်။ တချို့ကျတော့လည်း ပါးနပ်တယ်ပြောရမလားပါပဲ၊ ဆဲတော့ မဆဲဘူး၊ ပြောင်လှာင်ဟားတိုက်တာမျိုး လုပ်ကြပါတယ်။

ဆိုရှယ်မီဒီယာခေတ်ရဲ့ အကျည်းတန်ဆုံး အမှန်တရား လာပါပြီ။ ဆိုရှယ်မီဒီယာတွေရဲ့ အယ်လဂိုရစ်သမ်(Algorithm) တွေဟာ ပို့စ်ပိုင်ရှင်တွေရဲ့ လုပ်ရပ်တွေ ကောင်းသလား၊ ဆိုးသလားဆိုတာတွေ၊ အနုပညာအရည်အသွေး စံမီသလး၊ မမီဘူးလား ပေါတောတောလား၊ ကြောင်နေသလားဆိုတာတွေကို အကဲမဖြတ်ပါဘူး။ စစ်တပ်အတွက် ဝါဒဖြန့်နေသလားတွေလည်း မကြည့်ပါဘူး။ သူသိတာက ဒီပို့စ်ကို လူတွေ ဘယ်လောက်စိတ်ဝင်စားသလဲဆိုတာပါပဲ။

မြင်သာတဲ့ နမူနာလေး တစ်ခုနှစ်ခုလောက်ပါ။ မကြာခင်မှာ ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲဆိုတာမှာ ဝင်ပြိုင်ကြမယ့်သူတွေထဲ ဘယ်သူတွေပါနေတယ်လို့ ထင်ပါသလဲ။ ပရိသတ်အပေါင်းရဲ့ အဆဲဩဘာသံတွေ တစ်ပွေ့တစ်ပိုက်ကြီး ရရှိထားသူတွေ ပါနေပါတယ်။ ဆိုရရင် သူတို့ကိုယ်တိုင်ကလည်း မိုးမွှန်အောင် ဆဲခဲ့၊ ရိုင်းစိုင်းညစ်ညမ်းခဲ့သူတွေပါပဲ။ သူတို့ဟာ ဆဲရင်းနဲ့ နာမည်ကြီးလာ၊ အဆဲခံရင်းနဲ့ ထင်ပေါ်လာကြတဲ့သူတွေပါ။ ဒါက နိုင်ငံရေးနယ်ပယ်ပါ။

အနုပညာခေါင်းစဉ်အောက်မှာလည်း အဲဒီလိုဖြစ်စဉ်တွေ ရှိပါတယ်။ တချို့ကလည်း သူတို့ကိုယ်တိုင်တောင် ထုတ်ဖော်ပြောဆိုတာမျိုးရှိပါတယ်။ “လူတွေ သိဖို့အဓိက”ဆိုတဲ့ စကားမျိုးတွေ ပြောပါတယ်။

ဒီတော့ ကျွန်တော်တို့ လိုက်ဆဲနေသမျှ၊ အုပ်စုဖွဲ့ ဟာသလုပ်နေသမျှတော့ သူတို့ဟာ ဆိုရှယ်မီဒီယာပေါ်မှာ Follower တွေ၊ View တွေ၊ Engagement တွေ ဆက်ပြီး ရနေဦးမှာပါပဲ။ တစ်ဖက်ကပြန်ကြည့်ရင်လည်း ဒီနေ့ခေတ်မှာ နာမည်ကြီးတယ်၊ ထင်ပေါ်ကြော်ကြားတယ်ဆိုတာက ဆိုရှယ်မီဒီယာပေါ်မှာ ဘယ်လောက်ပေါက်မြောက်သလဲဆိုတာကိုလည်း ထည့်တွက်ကြတာပါ။

စီးပွားရေးသမားတွေ၊ ကြော်ငြာရှင်တွေဆိုတာကလည်း နိုင်ငံရေးခံယူချက်တွေ၊ အနုပညာအရည်အသွေးတွေ ဘာတွေညာတွေ ကြည့်ကြလေ့မရှိကြပါဘူး။ လူထုထဲကို ဘယ်လောက်ပျံ့နှံ့နိုင်စွမ်းရှိသလဲဆိုတာကိုပဲ ကြည့်ကြတာပါ။ ဒီတော့လည်း ကိုယ့်ရဲ့ ဒေါသဟာ သူတို့အတွက် အကျိုးအမြတ်တွေဖြစ်သွားရုံပါပဲ။

အောက်ကနေ ဝင်ဆဲလေလေ၊ ပြောင်လှောင်လေလေ၊ ဒါမှမဟုတ် ရှဲလုပ်ပြီး အဖော်ခေါ်ပြီး ဆဲခိုင်း၊ ရယ်ခိုင်းလေလေ လူများများဆီ ပိုရောက်လေလေ ဖြစ်သွားတော့တာပါပဲ။ ဒီလိုနဲ့ပါပဲ ကြည့်ရှုမှုကိန်းဂဏန်းတွေ တက်လာ၊ (နာမည်ဆိုးနဲ့ဖြစ်ဖြစ်) ကျော်ကြားလာရင်း သူတို့တွေမယ် ဝင်ငွေတွေတိုး၊ စီးပွားတွေ ဖြစ်သွားကြလေသတည်းပေါ့။

နောက်ထပ်စိုးရိမ်ဖို့ကောင်းတာက ယဉ်ကျေးမှုပျက်စီးတဲ့ကိစ္စပါ။ အဲဒီလို အဆဲသန်သန်၊ အရည်အသွေးမမှန်ပေမဲ့ အာရုံစိုက်ခံနေရတဲ့အခါ ထင်ပေါ်ကျော်ကြားနေကြတဲ့အခါ နောက်လူတွေလည်း အဲဒီလမ်းကို လိုက်လာစေဖို့ တွန်းအားဖြစ်စေပါတယ်။ နိုင်ငံရေးသမားတွေ၊ အနုပညာသည်တွေအပြင် တခြားပညာရှင်တွေ၊ ဖန်တီးသူတွေဟာလည်း ပညာတို့၊ အရည်အသွေးဆိုတာတို့ကို ခေါက်ခွေထားပြီး ကျော်ကြားမှုနောက်ကို လိုက်လာနိုင်ပါတယ်။

တချို့လည်း လိုက်နေကြပါတယ်။ ‘ဘယ်သူက ပိုပြီး ပေါက်ကရတွေ လုပ်ပြနိုင်မလဲ’ဆိုတဲ့ ပြိုင်ပွဲတွေပဲ နေရာယူလာကြပါလိမ့်မယ်။ ရလဒ်ကတော့ လူ့အဖွဲ့အစည်းရဲ့ ဉာဏ်ရည်ဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ စံနှုန်းတွေ တဖြည်းဖြည်း တိုက်စားခံရပြီး ပျောက်ဆုံးခြင်းဆိုတာပဲ ဖြစ်ပါလိမ့်မယ်။ ဒီလိုသာဆို ကျွန်တော်တို့ ဆဲလိုက်ခြင်းရဲ့ ဝန်ထုပ်ဝန်ပိုးကို ကျွန်တော်တို့ တစ်ခေတ်လုံးအပြင် မျိုးဆက်နဲ့ချီပြီး ထမ်းပိုးထားကြပါလိမ့်မယ်။

အစမှာပြောခဲ့တဲ့ ထောင်ချောက်ထဲကို မကျရောက်ဖို့ လုပ်လို့ရတာတွေ ရှိပါတယ်။ ဒါကတော့ အရေးမလုပ်ခြင်းပါပဲ။ အရေးမလုပ်ခြင်းအတတ်ပညာလို့တောင် ခေါ်နိုင်ပါလိမ့်မယ်။ ဒီပညာကို တတ်မြောက်ထားသူတွေလည်း ရှိကြပါတယ်။ အဲဒီလူနဲ့ပတ်သက်တဲ့ ကောင်းခြင်း၊ ဆိုးခြင်းတွေကို စိတ်မှာမထည့်ထားတော့တာပါ။ စိတ်ထဲမှာ သုညဖြစ်သွားတာမျိုးပါ။

ဒါကြောင့် ကျွန်တော်တို့ လုပ်သင့်တာက စိတ်ဝင်စားမှုတွေကို ရပ်ဖို့၊ ကြည့်နေတာတွေကို မလုပ်တော့ဖို့ပါ။ လက်မကို အခုထက်ပိုပြီး အလုပ်များများပေးပြီး ကိုယ့်ဖုန်းမှာပေါ်လာရင် ကျော်ပစ်ဖို့ပါပဲ။ ဒါ့အပြင် Hide ဒါမှမဟုတ် Not Interested ဆိုတာတွေကို နှိပ်လိုက်ဖို့ပါပဲ။

ဒီလိုဆိုရင် အယ်လဂိုရစ်သမ်ကလည်း ကျွန်တော်တို့ဆီကို ပို့ပေးတော့မှာမဟုတ်ပါဘူး။ ဒီကိစ္စမှာ သေချာတာတစ်ခုကတော့ လူမသိ၊ သူမသိဖြစ်သွားတဲ့အခါ နာမည်ကြီးဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူးဆိုတာပါပဲ။

ဆဲလိုက်ရခြင်းဟာ တဒင်္ဂတော့ အရသာရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ့်အဆဲကြောင့် စင်ပေါ်ရောက်သွားတာမျိုးကဖြင့် မကောင်းလှပါဘူး။

ငြိမ့်လွင့်