ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ရှိ မြန်မာသင်ကြားရေးစင်တာတစ်ခုကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးခဲ့ပြီး စာသင်ကြားနေသော ဆရာ ၂၇ ဦးကိုလည်းစစ်ဆေးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
အောက်တိုဘာလ ၉ ရက်နေ့က မဟာချိုင် ကထူးဘင်ဒေသရှိ မြန်မာကလေးများ လေ့ကျင့်ရေးစင်တာတစ်ခုကို ထိုင်းခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ လဝကနှင့် ပညာရေးဝန်ထမ်းများက သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။
သင်ကြားရေးစင်တာထဲတွင် ကလေးငယ် ၉၀၀ ခန့်နှင့် စာသင်ပေးနေသော ဆရာ၊ ဆရာမ ၂၇ ဦးကို တွေ့ရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
သင်ကြားရေးစင်တာသည် လူငယ်များ အုပ်စုလိုက် လေ့ကျင့်မှုများ လုပ်ဆောင်နိုင်ရေးအတွက် ခွင့်ပြုချက်ရရှိထားသော်လည်း တရားဝင် ကျောင်းဖွင့်၍ စာသင်ကြားခွင့်ကို ပညာရေးဌာနဘက်က ခွင့်ပြုထားခြင်းမရှိသေးကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားသည်။
အဆောက်အဦအသုံးပြုခွင့်အတွက် ခရိုင်အုပ်ချုပ်ရေးအဖွဲ့က ခွင့်ပြုထားပြီးဖြစ်သော်လည်း ရွှေ့ပြောင်းကလေးငယ်များကို စုစည်းပြီး ပညာသင်ကြားပေးရန် ခရိုင်ပညာရေးရုံး၏ ခွင့်ပြုချက် မရရှိသေးဟုဆိုသည်။
သင်ကြားရေးစင်တာတွင် သင်ကြားနေသော ဆရာ ၂၇ ဦးကို စစ်ဆေးရာတွင် အလုပ်လုပ်ခွင့် လက်မှတ်ကိုင်ဆောင်ထားသော်လည်း ယင်းလက်မှတ်ဖြင့် ထိုင်းနိုင်ငံထဲ စာသင်ကြားခွင့်မရှိခြင်းကြောင့် စစ်ဆေးခံရခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ထိုင်းအာဏာပိုင်များ၏ ဝင်ရောက်စစ်ဆေးမှုကြောင့် သင်ကြားရေးစင်တာကို ယာယီပိတ်ထားရမည်ဖြစ်ကြောင်း ကျောင်းဦးဆောင်သူတစ်ဦးက ပြောသည်။



“ဝင်စစ်ဆေးခံရတယ်ဆိုတာ မှန်ပါတယ်။ အခုကတော့ ကျွန်တော်တို့ဘက်က လိုအပ်ချက်တွေ ရှိသေးလို့ ဆက်လုပ်သွားရဦးမယ်ပေါ့နော်။ ကျောင်းတော့ ဆက်ဖွင့်မှာပါ။ ဆက်ဖွင့်နိုင်ဖို့ ကြိုးစားသွားမှာပါ” ဟု ဆရာတစ်ဦးက ဆိုသည်။
မဟာချိုင်ဒေသတွင် တရားမဝင် ဖွင့်လှစ်နေသော မြန်မာစာသင်ကျောင်းများကို ပိတ်သိမ်းရန် ထိုင်းအစိုးရဘက်က ညွှန်ကြားထားသလို ယခုနှစ် မေလကတည်းက တင်းတင်းကျပ်ကျပ် စစ်ဆေးအရေးယူမှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာကလေးငယ်များကို ထိုင်းစာသင်ကျောင်းများတွင် တရားဝင် အပ်နှံကြရန် လိုအပ်ပြီး ထိုင်းပညာရေးစနစ်ထဲ ဥပဒေအရ ဆက်လက်ဆောင်ရွက်နိုင်ကြောင်း သတင်းတွင် ဖော်ပြထားသည်။
Ref: Matichon Online, Thai Post







