ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မနက်စာ ပြုံးပြုံးကလေး

April 5, 2026

(၁)

မျက်လုံးက ဒီနေ့မှဘာလို့ အစောကြီးတက်ကြွပြနေပါလိမ့်။ အခုမှ မနက်လေးနာရီခွဲပဲ ရှိသေး။ အအေးဓာတ်တွေ အကဲပိုလာလို့များလား။ ဒီရက်ပိုင်း ကိုယ်နေတဲ့ မြို့ကလေးကို အအေးဓာတ်တွေ မျက်စိအတော်ကျပုံရတယ်။ ပဲ့ကျခဲ့ပြီးသော ဒီဇင်ဘာတုန်းကတောင် ခုလို အအေးမပွင့်။ ဇန်နဝါရီနဲ့ ထိတွေ့လိုက်မှ ဆောင်းပီသချင်လာပုံပဲ။ အအေးဓာတ်နဲ့ကွေးချင်တဲ့ဆန္ဒက တစ်ဖက်၊ ကြည်လွန်းနေတဲ့ မျက်လုံးက တစ်ဖက်။ တစ်ခန္ဓာတည်း အားတွေ ပြိုင်နေရ။ ခက်ပါဘိ။

ဆက်အိပ်မရတာနဲ့ အတွေးတွေက ခေါင်းထဲ ဟိုပြေးဒီပြေး။ ခပ်အေးအေးဆောင်းမှာ ကွေးကောင်းကောင်းနဲ့ ပလုံစီထလာတဲ့အတွေးတွေထဲ စာထဖတ်လိုက်ရင်ကောင်းမလားဆိုတာလေးလည်း အပါအဝင်။

ခြေတိုခေါက်စားပွဲလေးနဲ့ Laptopကို ခြင်ထောင်ထဲ ယူထည့်၊ စောင်ကို တစ်ကိုယ်လုံး ငုံမိအောင် ခြုံပြီး ဖတ်ဖြစ်နေကျ Website တွေထဲ ဝင်မွှေဖတ်ရင်း The Thanintharyi Times က အတွေးအမြင်ဆောင်းပါးလေးတစ်ပုဒ် ဖတ်ကြည့်ဖြစ်တယ်။ စာရေးသူက မီးခိုးမြူ ။ ဆောင်းပါးနာမည်က “ ဟာသဓါတ် မချို့ယွင်းပါစေနဲ့”တဲ့။

ဒီဆောင်းပါးထဲ“အပျော်ဓာတ်တွေ တိုရေရှားရေနိုင်တဲ့ခေတ်” ဆိုပြီး မျက်မှောက်ခေတ်အပေါ် စာရေးသူရဲ့ သတ်မှတ်ချက် ကို အတော်သဘောကျမိသလို လက်လည်းလက်ခံမိတယ်။ ဒီနေ့ခေတ်ရဲ့ကြိုးကိုင်မှုတွေအရလို့ ဆိုပါတော့။

ကြုံတွေ့နေကြရတဲ့ အခြေအနေမျိုးစုံတွေကြောင့် လူတွေဆီမှာ သောကစိတ်တွေမင်းမူလာနေတာ၊ အဲဒီသောကကို ကုတ်ချိုးပစ်ဖို့ ဟာသဉာဏ်လေးတွေရှိဖို့လိုနေတာ၊ ဟာသတွေက လူတွေအတွက် ယူဆောင်လာပေးနိုင်တဲ့ အရာတွေနဲ့အတူ ဟာသဓာတ်မချိုတဲ့အောင်နေဖို့အရေးကြီးကြောင်း ထောက်ပြထားပြီး ဟာသဓာတ်ချို့တဲ့လာရင် ဘယ်လိုကုစားမလဲဆိုတာလေးပါ ဒီဆောင်းပါးထဲ အကြံပြုထားတာတွေ့ရပါတယ်။

အစအဆုံးနှစ်ကြိမ်တိတိဖတ်ပြီးတဲ့နောက် ခေါင်းထဲ မေးခွန်းတစ်ခုက ရှင်းရှင်းလင်းလင်းပေါ်လာပါတယ်။ “ မင်းမှာရော ဟာသဓာတ်ချိုတဲ့ရောဂါ ရှိနေပါသလား”တဲ့။

ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော့်ဆီ ဟာသဓာတ်ချို့တဲ့ရောဂါ ရှိနေပါတယ်ပေါ့။ ဒီနှစ်တွေထဲမှာ ဟာသတွေနဲ့ ဝေးဝေးရှောင်ဖြစ်နေတာမျိုး၊ ဟာသလေးတွေနဲ့ မတော်တဆတိုက်မိရင်တောင် မပြုံးမိတော့တာမျိုးတွေ ရှိလာခဲ့ပါတယ်။ ဘယ်သူမှ အတင်းအဓမ္မမခိုင်းပေမယ့် ရယ်ခြင်းတွေမှာ လွတ်လပ်မှုမရှိဘူး၊ ဟာသတွေမှာ လုံခြုံမှုမရှိဘူးဆိုတဲ့ ပင်ကိုယ်သဘာဝအသိကြောင့်သာပါ။

ဒီဇင်ဘာလ လဆန်းပိုင်းလောက်က မိတ်ဆွေတစ်ယောက်ဆီ‌ကနေ စာအုပ်လေးတွေ လက်ဆောင်ရခဲ့ပါတယ်။ ပို့လိုက်တဲ့ စာအုပ်တွေထဲမှာ “ဟာဟ-၁” ဆိုပြီး စာအုပ်လေးတစ်အုပ်လည်းပါပါတယ်။ တစ်မျက်နှာစာ ဟာသဝတ္ထုအတိုလေးတွေ စုစည်းထားတဲ့ စာအုပ်တစ်အုပ်လို့ မိတ်ဆွေကတော့ ပြောပြပါတယ်။ ကျွန်တော် ဟာသတွေကို သဘောကျတတ်မှန်း သူသိနေတာကိုး။ ဒါပေမဲ့ ဒီစာအုပ်ကို ခုချိန်အထိ ကျွန်တော်မဖတ်ဖြစ်သေးပါဘူး။ လက်ဆောင်ရတဲ့ တခြားစာအုပ်လေးတွေပဲ ဖတ်လို့ပြီးသွားပါတယ်။ ဒီစာအုပ်လေးကတော့ စာအုပ်ပုံထဲ ဒီအတိုင်းပါပဲ။ ဒီအချိန် ဒီကာလမှာ ဟာသတွေဖတ်ပြီး ရယ်ရမှာ စိတ်က နှေးကွေးနေပါတယ်။ ဒါဟာ ဟာသနဲ့ကျွန်တော်ဝေးနေတယ်၊ ကျွန်တော့်ဆီ ဟာသဓာတ်ချို့တဲ့ရောဂါရှိနေတယ်ဆိုတဲ့အချက်အတွက် သက်သေကောင်းတစ်ခုပဲလို့ ကျွန်တော်လက်ခံမိတယ်။

အခု စာရေးသူ မီးခိုးမြူရဲ့ ဆောင်းပါးလေးကြောင့် ကျွန်တော်ဟာ ဟာသတွေနဲ့ ပြန်ဆုံဆည်းဖို့ ကြိုးစားသင့်နေပြီ၊ လိုအပ်နေပြီဖြစ်ကြောင်းနဲ့ စိတ်ထဲ အပျော်လေးတစ်ပေါက်ကျခြင်းဟာလည်း တခြားကိုယ်လုပ်ချင်တာလေးတွေ လုပ်နိုင်ဖို့ အားတစ်စိုင်ဖြစ်လာနိုင်ကြောင်းကိုလည်း လှမ်းသိလိုက်ရတယ်။

ဒီတော့ စာအုပ်ပုံထဲ ပစ်ထားတဲ့ “ဟဟာ-၁”ဆိုတဲ့ ဟာသစုစည်းမှုစာအုပ်လေးကိုလည်း အခုပဲ ထယူပြီး ဖတ်သင့်ပြီလို့ ကိုယ့်ကိုယ်ကို လှမ်းပြောမိတယ်။

ဒါပေမဲ့ အေးလွန်းနေတဲ့ မနက်ခင်းကြောင့် စာအုပ်ပုံထဲက စာအုပ်ကို ထယူရမှာ ဝန်လေးနေမိပါတယ်။ ဒီတစ်ပတ်ထဲတော့ အဲဒီစာအုပ်ကို ပြီးအောင်ဖတ်မယ်ကွဆိုပြီး ကိုယ့်ကိုယ်ကိုယ် ရက်ချိန်းပြန်ပေးပြီး အတိတ်မှာ ကြုံခဲ့ဖူးတဲ့ ရယ်စရာမျှင်လေးတစ်မျှင်စီ အတွေးကို ဇက်ကြိုးလွှတ်လိုက်ဖြစ်တယ်။ အစစအရာရာလွတ်လတ်ခြင်းတွေနဲ့ ရွှဲစိုနေ တဲ့၂၀၁၇ ခုနှစ်ရဲ့ ရက်စွဲတစ်ခုဆီသို့—-

(၂)

၂၀၁၇ ခုနှစ်၊ တစ်ခုသော ရက်စွဲ။

ဒီနေ့ ရွာထဲမှာ နတ်ပွဲရှိတယ်လို့ သတင်းရထားပါတယ်။ နှစ်တိုင်းပုံမှန် ရှိတယ်ဆိုပဲ။ ကျွန်တော်တော့ တစ်ခါမှ မကြုံဖူးသေးဘူး။ မကြုံဖူးဆို ဒီရွာကို ဒီနှစ်မှ စရောက်တာကိုး။ နတ်ပွဲရှိရင် ကလေးတွေက ကျောင်းနေ့တစ်ဝက် ပြေးကြသတဲ့ဗျ။ တကယ်ဆို ညနေကျောင်းဆင်းမှ သွားကြည့်လည်း ဖြစ်တယ်။ နတ်ပွဲက ညအထိ တောက်လျှောက်ရှိတာကိုး။ ဒါနဲ့ပဲ ကိုယ့်အတန်းက ကလေးတွေကို ထမင်းစားဆင်းပြီးရင် တစ်ယောက်မကျန် ကျောင်းပြန်တက်ဖို့ ကြေညာချက်ထုတ်ထားဖြစ်တယ်။ မထုတ်လို့လည်းမရဘူး။ သင်္ချာမှာ ဒီလအတွက် လပိုင်းမာတိကာပြီးဖို့ လိုနေသေးတယ်။ လကလည်း ကုန်ဖို့နီးနေပြီ။ နောက်လ ဒုတိယပတ်အစမှာလည်း စာမေးပွဲက ထိုင်စောင့်နေပြီ။ ဒီတော့ သင်ခန်းစာ နောက်ကျနေတဲ့ အကြောင်း ကလေးတွေကို အကျိုးအကြောင်း ပြောပြပြီး ဆွယ်ထားရတယ်။ ညနေ ကျောင်းဆင်းရင် ကျွန်တော်ပါ နတ်ပွဲလိုက်မယ်လို့ ဆွယ်တော့ သဘောတူကြလေတယ်။ နတ်ပွဲက ကျောင်းနဲ့ သိပ်မဝေးဘူး။ ခုတောင် ထမင်းစားဆင်းချိန်မရောက်သေးဘူး နတ်ဒိုးက ဇာတ်ပျိုးတော်မူနေလေပြီ။

” ဒီသုံးယောက်ကို ခုနကပဲ ဘောလုံးကွင်းထဲ ဘောကန်နေတာ ဆရာတွေ့တယ်။ ခုဘယ်ရောက်ကုန်လဲ။ သူတို့ လွယ်အိတ်တွေရော ရှိလားကြည့်ကြည့် “

နေ့လယ်ပိုင်းအတွက် ကျောင်းခေါ်ကြိမ် ဖြည့်တော့ ယောက်ျားလေး သုံးယောက်ပျောက်နေတယ်။ ကျောင်းမဝင်ခင်လေး က ကျွန်တော်အဆောင်ရှေ့မှာ ထိုင်နေတုန်း သူတို့သုံးယောက် ကျောင်းဘောလုံးကွင်းမှာ ဘောလုံးကန်နေတာ တွေ့ထားပြီးသား။

” လွယ်အိတ်တွေ ရှိနေတယ် ဆရာ “
ခက်ပြီ။ လွယ်အိတ်ရှိပြီး လူကမရှိ။
” ဆရာ—-သမီး သူတို့ကို နတ်ပွဲမှာ ပတ်ပြေးနေတာတွေ့တယ် “

ဟောဗျာ။ နတ်ပွဲမှာ ပတ်ပြေးနေသတဲ့။ ဒါနဲ့ပဲ သတင်းပေးတဲ့ကလေးနဲ့အတူ အတန်းခေါင်းဆောင်နှစ်ယောက်ကို နတ်ပွဲမှာ ကျောင်းပြေးမောင်တွေဖမ်းဖို့ စေလိုက်ရတယ်။

” ဆရာ—-ဆရာ—–“
ခဏ အကြာမှာတော့ သုံးယောက်သား ဟောဟဲ ဟောဟဲ ချွေးတရွှဲရွှဲနဲ့ ပြေးလာကြတယ်။
” ဘယ်မလဲ ဟိုသုံးယောက် “
” ခေါ်လို့ မရဘူးဆရာ။ သူးတို့ ပူးနေကြတယ်ဗျ “

ကျွန်တော်လန့်သွားတယ်။ ရင်ဘတ်ထဲလည်း တဒုတ်ဒုတ်။ ခေါင်းကလည်း တဒိန်းဒိန်းနဲ့။

” ပူးနေကြတာ သေချာလို့လား “
” ဟုတ်တယ် ဆရာ ။ ပူးနေကြတာ ခေါ်လို့တောင်မရဘူး “

ကျွန်တော့်ရဲ့အလန့်တကြား အမေးစကားကို သုံးယောက်သားက အခိုင်အမာဖြေကြတယ်။ သေပြီဆရာပဲ။ တခြား ကိစ္စတွေဆို ကိုယ်ဖြေရှင်းတတ်သေးတယ်။ ခုက ပူးနေတာ။ နတ်ပူးတာကိုကျ ဘယ်လိုမှ လုပ်မတတ်ဘူး။ နတ်ပူးတယ် ဆိုတာ ဗီဒီယိုကားထဲမှာပဲ မြင်ဖူးတာမျိုးဗျ။ နဖူးမှာ ချွေးကပြန်လာပြီ။ လက်ဖျားကလည်း အေးလာပြီ။ ပေါက်ပေါက်ရှာရှာ ဒီနတ်ကွာ ပူးစရာရှားလို့ ကလေးတွေကိုမှ လာပူးရတယ်လို့။ မတတ်နိုင်တဲ့အဆုံး ကပ်လျက်စာသင်ခန်းက ဆရာမဆီ ပြေးရတယ်။

” ဆရာမ—-ဆရာမ—–“
” ဘာလဲ ဆရာ ။ ရေးကြီးသုတ်ပျာနဲ့ “
” ကျွန်တော့်အခန်းက ကလေးသုံးယောက် နတ်ပွဲသွားရင်း နတ်ပူးနေလို့တဲ့ ။ လုပ်ပါဦး ဆရာမ “
” ဟင်—ဟုတ်လို့လား ဆရာရယ် “

မယုံတယုံအကြည့်တွေနဲ့ ဆရာမက အခန်းကို လိုက်လာပြီး လူသွားရှာပေးတဲ့ ဟိုသုံးယောက်ကို အမှုစစ်တော့တယ်။ စစ်လို့လည်း ပြီးရော တဟားဟားနဲ့ အော်ရယ်လေရဲ့။ ဘယ်နှယ့် ဒီဆရာမ၊ ဒီကဖြင့် ထူပူပြီး ဘာလုပ်ရမှန်း မသိဖြစ်နေတာကိုလေဗျ။ တစ်ကိုယ်လုံးမှာလည်း ချွေးတွေက စိမ့်အေး။

” ပူးနေတာ မဟုတ်ဘူး ဆရာရေ—ပုန်းနေတာ—ပုန်းနေကြတာကိုပြောတာ။
ပုန်းတာကို ကျွန်မတို့ ထားဝယ်လိုပြောရင် ပူးလို့ပြောတာ။
လာခေါ်တဲ့သူတွေကို မြင်တော့ ဆရာ့သားသုံးယောက်က ပုန်းပြီပေါ့ရှင်။ ပုန်းတာဆရာရေ ပူးတာ မဟုတ်ဘူး ပုန်းတာ ပုန်းတာ—ဟား—ဟား—-“

ဆရာမ ရှင်းပြတော့မှ ရှက် လွန်းလို့ ဘယ်ပြေးပူးရမလဲ အဲ—မဟုတ်သေးဘူး ဘယ်ပြေပုန်း ရမလဲတောင်မသိတော့။ ဆရာမရော အတန်းထဲက ကလေးတွေပါ ဝိုင်းပေါင်းပြီး ရယ်ကြတော့ ဘယ်ရမလဲ ကျွန်တော်လည်း ဝင်ပေါင်းပြီး ရယ်တာပေါ့။ သိတယ်မလား..ဟိုဗျ… လူကြီး ရှက်တော့ ရယ်တယ်တဲ့လေဗျ။
ရယ်နေရင်းနဲ့ ပြောဖြစ်သေးတယ်။

“ အဲဒီပူးနေတဲ့ သူတွေ မနက်ဖြန် လာကြပါစေဦး။ တစ်နေကုန် ပူးခိုင်းထားဦးမယ်”

(၃)

ဒီရက်စွဲတချို့ဆီ ပြန်မတွေးဖြစ်တော့တာ၊ ဒီရက်စွဲတချို့အကြောင်း ပြန်မပြောဖြစ်တော့တာ နှစ်တွေတောင် အလီလီ ပဲ့ကျကုန်ကျန်ခဲ့ပြီ။

အခုတော့ ဆောင်းပါးရှင် မီးခိုးမြူရဲ့ ကျေးဇူးနဲ့ ဒီရက်စွဲတချို့ဆီ ခေတ္တရောက်သွားဖြစ်တော့ ပြန်ပြုံးမိသွားတယ်၊ ပြန်ရယ်ဖြစ်သွားတယ်၊ ပြန်ကြည်နူးနေမိတယ်။

မနက်စာအဖြစ် ဟာသလေးတစ်စ စားသုံးလိုက်ရတော့ အေးစက်စက်မနက်ခင်းကြားကနေ စိတ်က နွေးခနဲ ထပွင့်လာတယ်။ ပွင့်အာလာတဲ့ အနွေးဓာတ်က ကျွန်တော့်ကို စာအုပ်ပုံဆီ သွားဖို့ တိုက်တွန်းလွန်းနေတယ်။

ခြင်ထောင်ကိုလှန်ပြီး စာအုပ်တွေဆီရာ ထွက်လာဖြစ်တယ်။ ဟာသစာအုပ်လေးက စာအုပ်တွေကြားကနေ ကျွန်တော့်ကို လှမ်းနှုတ်ဆက်နေသယောင်။ ပျော်စရာတွေ အားအင်ချိနဲ့လာတဲ့ ကျွန်တော်တို့အားလုံးအတွက် အကြည်ဓာတ်လေးတွေ ခန်းခြောက်မသွားစေဖို့ အဆင်မပြေမှုတွေကြားမှာပဲ ဟာသလေးတွေ တနိုင်တပိုင် ရှာကြဖွေကြ တွေးကြရင်း အားတင်းထားသင့်တယ်မလား။

စာအုပ်ပုံအနီးက ပြတင်းပေါက်လေးကို အသာအယာတွန်းဖွင့်လိုက်တော့ ဆောင်းလေအေးတွေများ ကျွန်တော့်လက်ထဲက ဟာသစာအုပ်လေးကို မနာလိုဟန်နဲ့ ကျွန်တော့်ကိုယ်ကို ဒေါမောရောပြီး ဆောင့်ဝင်လာတယ်။

ရောင်နီနုနုအနွေးတန်းတစ်ခုကလည်း မဝေးလှတဲ့ထောင့်တစ်ခုကနေ အားနဲ့မာန်နဲ့ ဆင်းဖြာပြေးဝင်လာနေတယ်။ ကျွန်တော်တို့အားလုံးဆီ—။

ဘရိုင်ယံရိန်း
၁၃.၁.၂၀၂၅
နံနက် ၄ နာရီ ၄၇ မိနစ်