BREAKING
May 2, 2025

ပျူစောထီးခေါင်းဆောင်ပိုင် ခဲမိုင်းလုပ်ငန်း ကျွန်းစုကာကွယ်ရေးတပ်ဖျက်ဆီး

September 4, 2023

Photo -ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ပျူစောထီးခေါင်းဆောင်နှစ်ဦးပိုင်သည့် ခဲမိုင်းလုပ်ငန်းခွင်အား ကျွန်းစုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖျက်ဆီးလိုက်ကြောင်း ယင်းအဖွဲ့က ယနေ့ စက်တင်ဘာလ ၄ရက်တွင် ထုတ်ပြန်သည်။

ကျွန်းစုမြို့နယ်၊ ယမုံကျေးရွာရှိ ခဲမိုင်းလုပ်ငန်းခွင်အား စက်တင်ဘာလ ၃ ရက် မွန်းလွဲ ၁ နာရီခန့်က သွားရောက်ဖျက်ဆီးခဲ့ကြောင်း ရုပ်သံမှတ်တမ်းနှင့်တကွ ထုတ်ပြန်ထားသည်။

ခဲတူးရာ၌ အသုံးပြုသည့် စက်ယန္တာယားများအား ပြန်လည်အသုံးပြုမနိုင်အောင် ဖျက်ဆီးနေသည်ကို ရုပ်သံမှတ်တမ်းထဲတွင် တွေ့ရသည်။

ခဲမိုင်းလုပ်ငန်းကို ကျွန်းစုမြို့နယ်၊ ပဲ့တိုင်ကျေးရွာနေ ပျူစောထီးခေါင်းဆောင် ဦးကြီးလှနှင့် ပျူစောထီး ဦးစိုးမင်းတို့က ပြုလုပ်နေပြီး ပြည်သူလူထု၏ မြေကို မတရားသိမ်းဆည်းထားသည့် မြေပေါ်တွင် ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ခဲမိုင်းနှင့် ပတ်သက်ပြီး လူများကို အရေးယူထားခြင်း မရှိသေးသလို သွားရောက်ချိန်တွင် အဆိုပါလုပ်ကွက်၌ လုပ်သားများ မရှိတော့ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

“တခြား ပြည်သူတွေပိုင်ဆိုင်တဲ့ ခဲမိုင်းတချို့က အလုပ်သားတချို့တော့ ရှိပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ကျွန်းစုမြို့နယ်အတွင်းရှိ စစ်ကောင်စီနှင့် ဆက်နွယ်နေသည့် ထောက်တိုင်များကို ထိရောက်စွာ အရေးယူသွား မည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယမုံကျေးရွာတွင် ယခင်ကတည်းက ခဲမိုင်းလုပ်ငန်းလုပ်ကိုင်နေကြသည့် ကုမ္ပဏီများရှိပြီး ဒေသခံများနှင့် မြေယာပိုင်ဆိုင်မှု ပြဿနာများစွာ ရှိခဲ့ဖူးသည်။