ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ် စက်သုံးဆီဆိုင်ကြီးများတွင် တိုးကြိတ်ဝယ်ယူ၊ ဆိုင်အချို့ အကန့်အသတ်ဖြင့်ရောင်း

March 3, 2026

Photo-Dawei Watch (ပုံဟောင်း)

ထားဝယ်မြို့ပေါ် စက်သုံးဆီဆိုင်ကြီးများတွင် ယနေ့ နံနက်ပိုင်းတွင် တိုးကြိတ်ဝယ်ယူနေကြပြီး ဆိုင်အချို့ အကန့်အသတ်ဖြင့် ရောင်းချကြောင်း စက်သုံးဆီလုပ်ငန်းလုပ်သူမြို့ခံအချို့ နှင့် သုံးစွဲသူ မြို့ခံများထံမှ သိရသည်။

ထားဝယ်မြို့ပေါ်ရှိ DDPC စက်သုံးဆီအရောင်းဆိုင်၊ ရနံ့သစ် ၊ Petro Green နှင့် အခြားဆီဆိုင်ကြီးများတွင် ယနေ့ နံနက်ပိုင်းကစပြီး စက်သုံးဆီဝယ်ယူသူများ တန်းစီဝယ်ယူနေကြကြောင်း မြိုခံအချို့က ပြောသည်။

စက်သုံးဆီဆိုင်အချို့တွင် လိုသလောက် ရောင်းချပေးပြီး ဆိုင်အချို့မှာ ကျပ်ငါးထောင်နှင့် တစ်သောင်းကြားသာ အကန့်အသတ်ဖြင့် ရောင်းချပေးကြောင်း စုံစမ်းသိရသည်။

ယနေ့ နံနက်ပိုင်းတွင် စက်သုံးဆီဝယ်ယူသူ မြို့ခံအမျိုးသမီး တစ်ဦးကမူ “လိုသလောက် တော့ရတယ်။ ဆီကတော့ အရနည်းတယ်၊ စျေးတက်လို့လားတော့ မသိဘူး” ဟု ပြောဆိုသည်။

လက်ရှိ ထားဝယ်စျေးကွက်ရှိ စက်သုံးဆီဆိုင်အချို့တွင် 95 အမျိုးအစား စက်သုံးဆီမှာ ပြတ်လတ်လျက်ရှိကြောင်း စုံစမ်းသိရသည်။

ယခင် ဆီအပြည့် ဖြည့်နေကျ ငွေပမာဏနှုန်းထားအတိုင်းဆီဖြည့်ရာ ယနေ့တွင် ဆီအပြည့်မရတော့ကြောင်း မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။

“ဆီက လိုသလောက် ဝယ်လို့ရတယ်။ ဒါပေမဲ့ LED ဘုတ်မှာ စျေးမရေးထားတော့ဘူး၊ အရနည်းသွားတာတော့ တွေ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။

ထိုင်းနိုင်ငံက ပြည်ပသို့ လောင်စာဆီ တင်ပို့ရောင်းချခြင်းကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ကြေညာပြီးနောက်တွင် ထားဝယ်မြို့တွင် မတ်လ ၂ရက်မှ စတင်ကာ စက်သုံးဆီတစ်လီတာလျှင် ကျပ် လေးရာနီးပါး ခုန်တက်သွားကြောင်း မြို့ခံ ဆီလုပ်ငန်းလုပ်သူအချို့ထံမှ သိရသည်။

ယနေ့ စစ်ကော်မရှင်၏ စက်သုံးဆီ ရည်ညွှန်းစျေးမှာ ထားဝယ်စျေးကွက်တွင် 92 ဓာတ်ဆီတစ်လီတာလျှင် ၂၅၅၀ကျပ်နှင့် ဒီဇယ်ဆီတစ်လီတာလျှင် ၂၉၈၀ကျပ်သာရှိသည်။

လက်ရှိ ရောင်းချနေသည့်နှုန်းထားမှာ 92 ဓာတ်ဆီတစ်လီတာ ၂၉၄၀ ကျပ် ဒီဇယ်ဆီတစ်လီတာ ၃၄၀၀ ကျပ်ဝန်းကျင်ဖြင့် ရောင်းဝယ်နေကြကြောင်း ဆီလုပ်ငန်း လုပ်သူမြို့ခံတစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၂၈ ရက်ကစပြီး အမေရိကန်နှင့် အစ္စရေးတို့က အီရန်အား တိုက်ခိုက်မှုကြောင့် ကမ္ဘာရေနံစျေးကွက် ကြီးကြီးမားမား ရိုက်ခတ်လျက်ရှိသည်။

ထိုင့်ကြောင့် ထိုင်းနိုင်ငံကလည်း မြန်မာအပါအဝင် ပြည်ပသို့ လောင်စာဆီတင်ပို့မှုကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း မနေ့က ကြေညာထားသည်။

ယင်းသို့ ကြေညာပြီးနောက်တွင် ထားဝယ်မြို့ရှိ စက်သုံးဆီဆိုင်ကြီးများ၊ ကမ်းနားလမ်းရှိ ဆီဘောများတွင် တိုးကြိတ် ဝယ်သူ များခဲ့ပြီး မတ်လ ၂ရက် ညနေပိုင်းတွင် အရောင်းရပ်ခဲ့ရာမှ ယနေ့ မတ်လ ၃ ရက်တွင် ဆီဆိုင်များ ပြန်လည် ရောင်းချကြခြင်းဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။

တနင်္သာရီတိုင်းသည် ရန်ကုန်နှင့် ထိုင်းနိုင်ငံဘက်က တစ်ဆင့် တင်သွင်းသည့် စက်သုံးဆီကို မှီခိုရသည့် ဒေသဖြစ်သည်။