ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်ဖြူ အမျိုးအစားအချို့ ပြတ်လပ်ပြီး ကြက်သွန်နီမှာ ဈေးကျနေသည်ကို တွေ့ရသည်။
ကြက်သွန်ဖြူ ထူး ၄ နှင့် ထူး ၅ အမျိုးအစား ကြက်သွန်အသစ်တို့မှာ ထားဝယ်ဈေးကွက်အတွင်းသို့ ဝင်ရောက်လာခြင်း မရှိသေးသောကြောင့် ကုန်ပြတ်လတ်ရခြင်းဖြစ်ကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရသည်။
သို့သော် ကြက်သွန်ဖြူ (ကြူကုတ်) မှာ တစ်ပိဿာ ၁၂၅၀၀ကျပ်ဖြင့် ဈေးကွက်အတွင်း ဝယ်ယူ၍ရရှိနေသေးသည်ကို တွေ့ရသည်။
ကြက်သွန်နီရိုးရိုးနှင့် ကြက်သွန်နီ (မြစ်သား) တို့မှာ ယခုသီတင်းပတ်တွင်လည်း ဈေးကျလျက်ရှိနေသည်။
ဖေဖော်ဝါရီလ ၂၂ ရက်က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီရိုးရိုးတစ်ပိဿာ ၃၃၀၀ကျပ်မှ ဖေဖော်ဝါရီ ၂၈ ရက်တွင် တစ်ပိဿာ ၂၆၀၀ ကျပ်သို့ ဈေးကျသွားသည်။
ထို့အတူ ကြက်သွန်နီ (မြစ်သား) အမျိုးအစားမှာ ဖေဖော်ဝါရီလ ၂၂ ရက်က တစ်ပိဿာ ၃၅၀၀ ကျပ်စျေးရှိရာမှ ဖေဖော်ဝါရီ ၂၈ ရက်တွင် တစ်ပိဿာ ၃၃၀၀ကျပ်သို့ စျေးကျသွားသည်။
ထို့ကြောင့်တစ်ပတ်အတွင်း ကြက်သွန်နီရိုးရိုးတစ်ပိဿာလျှင် ၇၀၀ကျပ် နှင့် ကြက်သွန်နီ(မြစ်သား)တစ်ပိဿာလျှင် ၂၀၀ကျပ်သို့ ဈေးကျသွားခြင်းဖြစ်သည်။
ဆီ၊ အာလူးနှင့် အခြားစားသောက်ကုန်ပစ္စည်းတို့မှာ ဇယားပါ ဈေးနှုန်းများအတိုင်း ဈေးငြိမ်နေသည်ကို တွေ့ရမည်ဖြစ်သည်။
တိုင်းပြင်ပမှတင်သွင်းသည့် ဆန်အမျိုးအစားအချို့မှာလည်း ထားဝယ်ဈေးကွက်အတွင်း ပြတ်လတ်နေဆဲဖြစ်သည်။










