BREAKING
November 17, 2025

ပြည်ကြီးမဏ္ဍိုင်တွင် လက်နက်ကြီးကျည်စမှန်၍ ကုသနေသည့် အမျိုးသား သေဆုံး

June 2, 2025

ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့တွင် စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးထိမှန်သည့် ဒေသခံအမျိုးသားတစ်ဦး ၁၁ ရက်အကြာတွင် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့၊ လေညာအနောက်ရပ်ကွက်၊ တစ်မိုင်ခွဲကျေးရွာနေ အသက် ၅၀ အရွယ်ဝန်းကျင် ဦးဘိုဟိန်းသည် မေလ ၂၂ ရက် ည ၈ နာရီခွဲဝန်းကျင်တွင် ၎င်း၏နေအိမ်အနီးသို့ လက်နက်ကြီးကျရောက် ပေါက်ကွဲရာက ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားကြောင်း ဒေသခံများက ဆိုသည်။

လက်နက်ကြီးစထိမှန်ကာ ဦးခေါင်းတွင် ဒဏ်ရာရသွားပြီး ညာဘက်နားရွက်ပြတ်သွားသည့် ဦးဘိုဟိန်းကို ဘုတ်ပြင်းဆေးရုံသို့ ညတွင်းချင်းတင်ပို့ရာ စစ်ကောင်စီတပ်က ခွင့်မပြုသည့်အတွက် နောက်တစ်ရက် နံနက်ရောက်မှသာ ဆေးရုံတင်ခဲ့ရကြောင်း မိသားစုနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

ဘုတ်ပြင်းဆေးရုံတွင် ဆေးကုသနေရင်း ဇွန်လ ၁ ရက်နေ့တွင် သေဆုံးသွားကြောင်း ၎င်းက ဆိုသည်။

“ထိပြီးတော့ တစ်ပတ်ကျော်လောက်အကြာမှာ ဆေးကုရင်း ဆုံးသွားတော့ ဘုတ်ပြင်းဆေးရုံကနေ မနေ့(ဇွန် ၁ရက်နေ့) မှာ သူနေတဲ့နေအိမ်ကို ပြန်သယ်လာတာ” ဟု အဆိုပါနီးစပ်သူက ပြောသည်။

ဇွန်လ ၁ရက် ည၉နာရီဝန်းကျင်ကလည်း ပြည်ကြီးမဏ္ဍိုင်မြို့အတွင်းရှိ စစ်ကောင်စီရဲစခန်းမှ ချောင်းမွန်ရွာဘက်ကို လက်နက်ကြီး ၄ ချက်ပစ်ခတ်ခဲ့သည့်အပြင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ ပစ်ခတ်မှုများအတွင်း လူနှင့် နေအိမ်အဆောက်အအုံထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လက်နက်ကြီးကို မကြာမကြာ အကြိမ်ရေများစွာပစ်ခတ်နေတာတွေက မြို့ရွာနေအိမ်တွေကို ကျရောက်နေတာ ဆိုတော့ ဒေသခံတွေက အမြဲအထိတ်တလန့်ဖြစ်နေရတယ်” ဟု အဆိုပါ ဒေသခံက ဆိုသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် ပြီးခဲ့သည့်မေလက စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်။ အချို့ထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလ ၁၇ ရက်နေ့ကလည်း ပြည်ကြီးမဏ္ဍိုင်မြို့တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်မှုကြောင့် ဆယ်တန်းကျောင်းသူတစ်ဦး ဒဏ်ရာရသွားခဲ့သည်။