ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မျှော်လင့်ချက်နှင့် အခြားမျက်နှာဖုံးဆောင်းပါးများ - ဂျူး

August 1, 2026

ဒီစာအုပ်လေးက ၂၀၀၆ ခုနှစ်မှာ ဂျူးစာပေကနေ ထုတ်ဝေထားတဲ့စာအုပ် ဖြစ်ပါတယ်။ အထဲကဆောင်းပါးတွေကတော့ ဗြူတီမဂ္ဂဇင်းမှာ၂၀၀၁၊ ၂၀၀၂၊ ၂၀၀၃ ခုနှစ်အတွင်း ရေးထားတဲ့ ဆောင်းပါးတွေပါ။ နှစ် ၃၀ နီးပါးကြာပြီဆိုပေမဲ့ ရေးထားတဲ့ အကြောင်းအရာတွေက သစ်လွင်ဆဲ၊ ခေတ်မီဆဲ။ အဲဒါအပြင်ကို ဆရာမဂျူးလို့ ပြောလိုက်ရင် အချစ်အကြောင်းတွေ၊ အသည်းကွဲရတဲ့အကြောင်းတွေနဲ့ပဲ တွဲမြင်ကြတော့ ဒီစာအုပ်လေးဖတ်ရတဲ့အချိန်မှာ တစ်မျိုးလေးဖြစ်တာပေါ့လေ။ ဆရာမဂျူးက ဒါမျိုးဆောင်းပါးတွေကိုလည်း ရေးခဲ့သေးတယ်ဆိုတာကို သိရပါတယ်။ ဒီစာအုပ်မှာတော့ စုစုပေါင်း ခြောက်ပုဒ်ပါပါတယ်။

စာအုပ်ထဲက ပထမပုဒ်ကို ဖတ်တဲ့အချိန် အခုနှစ်တွေထဲမှာ ခဏခဏ ပြောဖြစ်နေကြတဲ့ မျှော်လင့်ချက်တွေ၊ ယုံကြည်မှုတွေ၊ သတ္တိတွေနဲ့ မကြောက်ရွံ့ခြင်းတွေကို ပြန်ပြီးတော့ မြင်ယောင်လာစေတယ်။ တွေးတောဖြစ်စေတယ်။ လူတွေကနယ်ပယ်တွေမတူရင် မျှော်လင့်ချက်တွေမတူနိုင်ဘူးဆိုတာကို သတိချပ်လာစေတယ်။

ဘဝတစ်ခုတည်ဆောက်ဖို့အတွက် လိုအပ်တဲ့ အတွင်းပစ္စည်းတွေအကြောင်းကို တိုတိုတုတ်တုတ်နဲ့ ထိထိရောက်ရောက်လေး ပြောပြထားတယ်။ အဲဒီအတွင်းပစ္စည်းတွေရဲ့ တစ်ခုနဲ့ တစ်ခုချိတ်ဆက်မှုတွေကိုလည်း လွယ်လွယ်ကူကူလေးဖြစ်အောင် ရှင်းပြပေးထားတယ်။
မျှော်လင့်ချက်တွေပြိုကွဲသွားတာကို အကောင်းဖက်ကနေ တချက်ကလေးကြည့်ပြထားတယ်။ ကျနော့်အနေနဲ့ဆို ဒီကိစ္စကို သိပ်တော့မကျေနပ်ပေမဲ့ ကိုယ်တိုင်လည်း အဲလိုတွေခဏ ခဏကြုံရတော့ အဲဒီသဘောတရားကိုလက်ခံမိသွားတယ်။

အချစ်နဲ့ ဆရာမဂျူးကိုခွဲလို့မရသလိုပဲ ‘လကိုဖမ်းဖို့ ပိုက်ကွန်ရက်ရအောင်’
ဆိုတဲ့ပုဒ်မှာ အချစ်အကြောင်းတွေကို စိတ်ဝင်တစားဖတ်ရတယ်။ ဒါပေမဲ့ ခါတိုင်းမြင်နေကြ တင်ပြပုံနဲ့တော့ မတူဘူးပေါ့။ အချစ်ဟာ ကမ္ဘာကြီးကို လည်ပတ်စေနိုင်တယ်ဆိုတဲ့ စကားလိုပဲ ကျနော်တို့တွေဟာ ကျနော်တို့ရဲ့အချစ်တွေကြောင့်သာ အသက်ဆက်ရှင်နေနိုင်တာ မဟုတ်လား။ အချစ်ဟာ လူတွေကို ယဉ်ကျေးသိမ်မွေ့အောင် ပြုပြင်ပေးနေတဲ့ အရာပါ။

မသေချာမှု‌တွေ များလာတဲ့‌ခေတ်ခါကာလကြီးမှာ ကိုယ်လိုချင်တာ၊ လိုအပ်နေတာတွေ မဖြစ်ပေါ်သေးတဲ့ အခြေအနေမှာရှိတဲ့ ပစ္စုပ္ပန်ရဲ့အမြင်တွေက ပိုအရေးကြီးတယ်ဆိုတာမျိုးကို မြင်လာစေတယ်။

ဗုဒ္ဓပြောပြထားတဲ့ အချစ်အမျိုးအစားနဲ့တင်မကဘဲ လောကလူမှု အသိုက်အမြုံကရတဲ့စံနဲ့ ဖော်ကျူးထားတဲ့ သဘာဝအချစ်အမျိုးအစားတွေကိုလည်း အမြည်းအနေနဲ့ သိမှတ်ခွင့်ရတယ်။ ဆရာမဂျူးရဲ့ ဇာတ်ကောင်တွေနဲ့ ပုံဖော်ပြနေကြ ပုံစံမျိုးမဟုတ်ဘဲ အချစ်ကို စာဆန်ဆန်ရေးပြထားတော့ တမျိုးလေးဖတ်လို့ကောင်းပါတယ်။

လူ့ယဉ်ကျေးမှုတွေ တဖြည်းဖြည်းတိုးတက်လာတာနဲ့အမျှ အချစ်ဟာလည်း ပုံစံမျိုးစုံနဲ့ သတ်မှတ်ခံ၊ တံဆိပ်ခတ်ခံနေရတယ်။ ကိုယ့်မိသားစုအတွင်းမှာ ချစ်ကြတဲ့ အချစ်တွေအပြင် မိသားစုရဲ့အပြင်ဘက်ထိ အချစ်ကို ဖြန့်ကျက်ကြရင်း ရဲဘော်ရဲဘက်စိတ်၊ ညီအစ်ကို‌စိတ်တွေနဲ့ ချစ်နိုင်လာကြတယ်။ လူသားအချင်းချင်းဖေးမကူညီမှု၊ ရိုင်းပင်းမှု၊ ကြင်နာစောင့်ရှောက်မှုတွေဟာ အချစ်ရဲ့ သက်သေတွေပေါ့။

အိပ်မက်ရောင်းသူနဲ့ ဝယ်သူ ဆိုတဲ့ပုဒ်မှာတော့ လျစ်လျူရှုခံရ၊ ချိုးဖျက်ခံရ၊ ပုံစံပြောင်းခံရတဲ့ သဘာဝအ‌ကြောင်းတရားတွေကို ကိုယ့်ဘဝနဲ့ ချိန်ထိုးစဉ်းစားမိစေတယ်။

အိပ်မက်တွေကို ဘယ်သူတွေက ရောင်းကြပြီး ဘယ်သူတွေက ဝယ်နေကြတာလဲ။
မြို့တော်ဟာ ချွေတာမှုကိုလေ့လာသင်ကြားနိုင်တဲ့ နေရာတစ်ခုမဟုတ်၊ သက်သောင့်သက်သာနဲ့ အဆင်ပြေမှုတွေကို လေ့လာသင်ကြားနိုင်တဲ့နေရာ တစ်ခုလို့ပြောတော့ မြို့ပြမှာရွှေ့ပြောင်းရောက်ရှိနေပြီး ရေသောက်ဗိုက်မှောက် ဘတ်စ်ကားခိုးစီးနေရတဲ့ ကျနော့်သူငယ်ချင်းတွေကို သတိရသွားတယ်။

လွန်ခဲ့တဲ့ ၂၅ နှစ်ကျော်က မြို့ပြရဲ့ အဆောက်အအုံတွေ၊ သွားလာရတဲ့လမ်းပန်းဆက်သွယ်ရေး၊ လူနေမှုဘဝ ဟန်ပန်၊ တိုးချဲ့မြို့သစ်တွေ၊ ရာဇဝတ်မှုတွေ၊ မြူဆွယ်ဖြားယောင်းမှု၊ ပညာရေး၊ ဟိုတယ်နှင့် ခရီးသွားလမ်းညွှန်၊ ပတ်ဝန်းကျင်ထိန်းသိမ်းမှုတွေအကြောင်း‌တွေ ဖတ်ရတော့ ခေတ်ကာလအချိန်တွေသာ ပြောင်းသွားတယ်၊ စနစ်တွေက မပြောင်းနိုင်သေးတော့ လူတွေဟာ မတူညီတဲ့ပုံစံတွေနဲ့ စနစ်ဆိုး၊ ခေတ်ဆိုးကို ရင်ဆိုင်နေရဆဲပါပဲ။

‘ကြယ်ရောင်စောင့်သူများ’ ကိုဖတ်ရင်း . . . ။

ဆယ်ကျော်သက်အရွယ်တုန်းက သင်တန်းတွေအတူတူတက်ခဲ့ကြတဲ့ လူငယ်တွေဆီက ခဏ ခဏ ကြားရလေ့ရှိတဲ့ “ဆရာ့ရဲ့ Role Model ကဘယ်သူလဲ” ဆိုတဲ့ မေးခွန်းတစ်ခုကို သတိရသွားတယ်။ ကိုယ်တိုင်လည်း စံထားရတဲ့သူတွေ တယောက်မက အများကြီးရှိခဲ့တာကို သတိရမိတယ်။ ခေတ်ကာလကြီးက စံထားရတဲ့သူရှိဖို့ ခက်သလို ရှိပြန်ရင်လည်း ထုတ်ပြောရဖို့ ဝန်လေးနေရတဲ့ ကာလကြီးဖြစ်နေပြန်တယ်။ အရဲစွန့်ကြတဲ့လူငယ်တွေက နားနားကပ်ပြီး လေပြည်လေးနဲ့ တိုးတိုးလေး‌တော့ပြောကြပါရဲ့။

ဒီစာအုပ်ဖတ်နေရင်း အခုအခြေအနေ၊ အခုအ‌ခြေအနေဆိုတာက ခဏခဏအတွေးထဲ ရောက်ရောက်လာတယ်။ တစ်ခါတလေ မျှော်လင့်ချက်မဲ့သလိုလိုတောင် ဖြစ်လာတယ်။

‘ဖန်တီးခြင်းအနုပညာ’ တစ်ပုဒ်ကတော့ လူသားသေးသေးလေးတွေ ဖန်တီးကြမယ့် မေမေတွေအတွက် ရေးထားတာပါ။ မိခင်ကောင်းတစ်ယောက်ဖြစ်ဖို့ ကျင့်ကြံရမယ့် ကျင့်ဝတ်တွေကို ဥပမာတွေနဲ့ ထိထိမိမိ ပြောပြထားတယ်။ အိမ်ရှင်မကောင်းဖြစ်ချင်တယ်ဆိုတဲ့ အိပ်မက်ကို အရင်က သေချာမတွေးကြည့်မိဘူး။

လူတိုင်း လူတိုင်းမှာ အမေတွေရှိကြတယ်။ ဆိုတော့ အမေတွေအားလုံး ကောင်းနေရင် ဘယ်လောက်ကောင်းမလဲပေါ့။ မဖြစ်နိုင်ပေမဲ့ စိတ်ကူးယဥ်ကြည့်တာတော့ တော်တော်ကောင်းပါတယ်။

နောက်ဆုံးပုဒ်ကတော့ အခုခေတ်မှာ တော်တော်လေး အသုံးများ၊ အပြောများလာတဲ့ အကြောင်းတွေထဲက တစ်ခုပါ။ ဆရာမြင့်ဇော်နဲ့ စကားပြောရင်း’ပရော်ဖက်ရှင်နယ်’ ဆိုတဲ့ စကားလုံးရဲ့ တာဝန်ရှိမှုနဲ့ ရှိသင့်ရှိထိုက်တဲ့ စံတန်ဖိုးတွေကို အမြင်ကျယ်ကျယ်နဲ့ ပြောပြသွားပေးတယ်။

ကျနော်ကတော့ နယ်ပယ်တွေ တူနေရင်တောင်မှ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေ၊ ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေ၊ ခံစားခဲ့ရတဲ့ ဒုက္ခ၊ သုခတွေအလျောက် ကိုယ့်ရဲ့မျှော်လင့်ချက်တွေကလည်း အမျိုးမျိုးဖြစ်သွားနိုင်တယ်ဆိုတာကို လက်ခံတယ်။

အဲဒါအပြင် ဂျာမန်လူမှုသိပ္ပံပညာရှင် Eric Frommနဲ့ Michael Michalko၊Bill Costello၊ Roger Von Oech တို့ရဲ့ ကျမ်းအကိုးအကားတွေကိုလည်း ဆောင်းပါးတွေရဲ့နောက်မှာ ဖော်ပြပေးထားတဲ့အတွက် စိတ်ဝင်စားရင် ရှာဖတ်လို့ရပါတယ်။

ဆိုတော့ ဆရာမဂျူးက သူပါးချင်တဲ့အကြောင်းအရာတွေကို စာတွေကနေတဆင့် ကျနော်တို့ဆီ ဘယ်လိုပို့ထားလဲဆိုတာကိုတော့ သူ့ရဲ့ဆောင်းပါးတွေကို ဖတ်ကြည့်မှ သိနိုင်ပါမယ်။ ပြီးတော့ ဆရာမ ဂျူးပြောထားချက်တွေကို လက်ရှိ အခြေအနေနဲ့ ယှဉ်ထိုးကြည့်မယ်ဆိုရင် တကယ်ကိုအကျိုးရှိမှာပဲ ဖြစ်ပါတယ်။

Zoe