ကျောင်းဖွင့်အမီ ကိုဗစ်စည်းကမ်းချက်များနှင့် ညီ၊ မညီ စစ်ဆေးမည်

0
414

အခြေခံကျောင်းများ ဖွင့်လှစ်ချိန်တွင် ကျန်းမာရေးနှင့် အားကစားဌာနက ညွှန်ကြားချက်များအတိုင်း ပြင်ဆင်ထား ခြင်းရှိ၊ မရှိကို တိုင်း၊ ခရိုင်၊ မြို့နယ်ပညာ ရေးမှူးရုံးတို့က ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းပညာရေးမှူး ရုံးထံမှ သိရသည်။

စာသင်ခန်းများကို အများဆုံး ကျောင်းသားဦးရေ ၂၀ ဦးအတွက် ပြင်ဆင်ခြင်း၊ လက်ဆေးစင်၊ ရေရရှိမှု၊ ဆရာ၊ ဆရာမ အင်အား အခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။

“ဇူလိုင်လ ၁၀ ရက်နောက်ပိုင်း လောက်ကျရင်တော့ ခရိုင်၊ မြို့နယ်၊ တိုင်းအားလုံလေ ဆင်းစစ်ပြီးတော့ ကြီးကြပ်ပေးမယ်ပေါ့။ လိုအပ်ချက်က ဘာတွေရှိမလဲဆိုတာ ကြည့်မယ်ပေါ့” ဟု ၎င်းက ပြောသည်။

ကျောင်းသားများကို ခြောက်ပေခွာပြီး စာသင်ကြားရမည်ဖြစ်သောကြောင့်၊ ဆရာအင်အားလိုအပ်ချက်နှင့် စာသင်ခန်း လိုအပ်ချက်က အဓိက အခက်အခဲဖြစ်နေကြောင်း လောင်းလုံး မြို့နယ်မှ အထက်ကျောင်းအုပ်တစ်ဦးက ပြောသည်။

ဝိဇ္ဇာ၊ သိပ္ပံဘွဲ့ရ ဆရာ၊ ဆရာမ ငါးရာနီးပါးခန့်လျာထား

“လက်ဆေးစင်တို့၊ ဆပ်ပြာတို့က ပိုက်ဆံရင်ဝယ်လို့ရသေးတယ်။ ဟုတ်တယ် မလား။ စာသင်ခန်းတို့၊ ဆရာ၊ ဆရာမ တို့ဆိုတာက ပိုက်ဆံရှိလည်း အခုလုပ်၊ အခုရတဲ့ဟာတွေ မဟုတ်ဘူးလေ။ ငါတို့ လိုဆင်းရဲတဲ့ကျောင်းတွေဆို ပိုဆိုးတာပေါ့” ဟု ၎င်းက ဆိုသည်။

ပညာရေးဝန်ကြီးဌာနကမူ ကျောင်းဖွင့်ရာသီတွင် ကျောင်းသားနှင့် ဆရာများကို ပြန်လည်အသုံးပြုနိုင်သော နှာခေါင်းစည်း၊ မျက်နှာကာမှန်တို့ ထောက်ပံ့ပေးမည်ဟု ပြောဆိုထားသည်။

တိုင်းပညာရေးမှူးရုံးထံသို့လည်း အဆိုပါပစ္စည်းကို နမူနာပို့ပေးလိုက်ပါက အရည်းအသွေးစစ်ဆေးပေးရန် ညွှန်ကြားထားကြောင်း ဒေါ်မြင့်စိန်က ပြောသည်။

သို့သော် နမူနာပစ္စည်းများမှာ ဇူလိုင်လ ၃ ရက်အထိ တနင်္သာရီတိုင်းသို့ ရောက်မလာသေးကြောင်း ၎င်းက ပြောသည်။

ဇူလိုင်လ ၁၃ ရက်မှစပြီး အထက်တန်းကျောင်းသားများကို စတင်ကျောင်း အပ်လက်ခံတော့မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ကျော်သူစိုး