သရက်ချောင်း၊ ညောင်ဇင်ရွာက အမျိုးသားတစ်ဦး ပစ်သတ်ခံရ
Dawei Watch
June 2, 2023သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ရွာက အသက် ၅၅နှစ်အရွယ် ဦးခင်ဇော်ဆိုသူ ဇွန်လ ၁ ရက် ည ၅ နာရီခွဲခန့်က သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသခံအချို့က ပြောသည်။ နေအိမ်နှင့် အနည်းငယ်ဝေးသည့် လယ်ကွင်းအစပ်က ရေတွင်းတွင် ရေချိုးရန်သွားချိန် အမည်မသိ သေနတ်သမားတို့က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။ ဦးခင်ဇော်မှာ စစ်ကောင်စီသတင်းပေးဒလန်ဟု နာမည်ထွက်နေသူဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။သို့သော် Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ “သူ့ကိုက ညကတည်းက ပစ်ခံရတဲ့နေရာမှာပဲ ဒီတိုင်းပစ်ထားတာ။ ဘယ်သူမှလည်း သွားမကြည့်ရဲဘူး။ အခုနေ့လယ်မှ အလောင်းသွားယူပြီး တစ်ခါတည်း မီးသင်္ဂြိုဟ်လိုက်တာ” ဟု ညောင်ဇင်ရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ ဦးခင်ဇော်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားသည်ကို မသိရသေးပေ။ […]


