ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ပုလောပညာရေးဘုတ်အဖွဲ့တာဝန်ခံ အသတ်ခံရမှု ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည်မှုရှိနိုင်ဟု တိုင်းစစ်ဌာနအပါ တိုင်းအတွင်းရှိ အင်အားစုများထုတ်ပြန်

December 30, 2025

ပုလောမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံဆရာမ ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့ သတ်ဖြတ်ခံရမှုမှာ လူသတ်မှု ကျူးလွန်သူများ၏ နောက်ကွယ်တွင် ရည်ရွယ်ချက်ရှိရှိ ကြိုတင်ကြံစည်မှုရှိနိုင်သည်ဟု ယူဆဖွယ်ဖြစ်ကြောင်း တနင်္သာရီတိုင်း စစ်ဌာနအပါအဝင် တိုင်းအတွင်းရှိ နိုင်ငံရေး၊ တော်လှန်ရေးအင်အားစု ၁၄ ခုက ပူးတွဲသဘောထား ထုတ်ပြန်လိုက်သည်။

အမှုမှန်ပေါ်ပေါက်ရေးတောင်းဆိုသည့်အနေဖြင့် တိုင်းစစ်ဌာနအပြင် ၂၀၂၀ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (တနင်္သာရီတိုင်း) ၊ ထားဝယ်ခရိုင်နိုင်ငံရေးပလက်ဖောင်း၊ မြိတ်ခရိုင်နိုင်ငံရေးအင်အားစု၊ ကော့သောင်းခရိုင်နိုင်ငံရေးအင်အားစု အပါအဝင် အဖွဲ့အစည်း ၁၄ ခုက ယနေ့ ဒီဇင်ဘာလ ၃၀ရက်တွင် ထုတ်ပြန်ခြင်း ဖြစ်သည်။

ရုပ်အလောင်းများတွင် တွေ့ရသည့် ဒဏ်ရာဒဏ်ချက်များအရ လုပ်ကြံသတ်ဖြတ်မှုဟု ယူဆရကြောင်း ထုတ်ပြန် တောင်းဆိုသည့်အဖွဲ့များတွင်ပါဝင်သည့် တနင်္သာရီ CDM နိုင်ငံ့ဝန်ထမ်းများ စည်းလုံးညီညွတ်မှုကွန်ရက် (TCSN) အလုပ်အမှုဆောင်အဖွဲ့ဝင် ဆရာစိုးက ပြောသည်။

“ဒဏ်ရာဒဏ်ချက်များစွာ သတ်ဖြတ်ထားတဲ့အတွက် ရည်ရွယ်ချက်ရှိစွာ သတ်ဖြတ်တယ်လို့ အဖွဲ့အားလုံး သုံးသပ်ကြပါတယ်” ဟု ၎င်းက ဆိုသည်။

KNU အပါအဝင် တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ပုလောမြို့နယ်၊ ဆားခဲကျေးရွာရှိ နေအိမ်တွင် ဆရာမ ဒေါ်အေသီအောင်နှင့် ခင်ပွန်းဖြစ်သူတို့ ဒီဇင်ဘာ ၁၆ ရက် နံနက် ၁ နာရီခန့်တွင် ဓားဖြင့်ခုတ်သတ်ခံခဲ့ရသည်။

ဆရာမတို့ ဇနီးမောင်နှံသတ်ဖြတ်ခံရမှုတွင် ကျူးလွန်ပါဝင်သူ လေးဦးကို ဒီဇင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဖမ်းဆီး ရမိခဲ့ကြောင်း KNU မြိတ်-ထားဝယ်ခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးလုပ်ငန်းကော်မတီက ဒီဇင်ဘာလ ၂၁ ရက်တွင် ထုတ်ပြန်ထားသည်။

KNU ၏ ထုတ်ပြန်ချက်တွင် ၎င်းတို့ လေးဦးအနက် တစ်ဦးက ဒီဇင်ဘာ ၁၅ ရက် ညတွင် ဆရာမ ဒေါ်အေသီအောင်၏ နေအိမ်တွင် ထမင်းဝင်တောင်းရာ မကျွေးသဖြင့် ဆရာမကို ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထို့နောက် အော်ဟစ်သံကြားသဖြင့် ဆရာမ၏ ခင်ပွန်းဖြစ်သူမှ ထွက်လာကြည့်သည့်အချိန်တွင် ခင်ပွန်းဖြစ်သူကိုပါ သတ်ဖြတ်ခဲ့သည်ဟု ကျူးလွန်သူများက ထွက်ဆိုကြောင်း KNU က ထုတ်ပြန်ထားသည်။

ယင်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ပုလော ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဇနီးမောင်နှံ သတ်ဖြတ်မှု တရားခံဆိုသူများကို KNU ထုတ်ပြန်၊ မြေပြင်အခြေအနေနှင့် ကွဲလွဲနေဟု ထောက်ပြသူများရှိဟု Dawei Watch က ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် သတင်းရေးသားဖော်ပြခဲ့သည်။

KNU ထုတ်ပြန်ချက်ပါ ပြစ်မှုကျူးလွန်သည်ဟု ဆိုသူများသည် ထမင်းတောင်းစားရာ မကျွေးသဖြင့် လူသတ်မှု ဖြစ်ပွား ခဲ့ကြောင်းနှင့် အခြားထွက်ဆိုချက်များသည် ယုတ္တိကင်းမဲ့လွန်းကြောင်း တိုင်းအတွင်းရှိ နိုင်ငံရေး၊ တော်လှန်ရေး အင်အားစု ၁၄ ခုက ပူးတွဲသဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဆရာမကြီးတို့ ဇနီးမောင်နှံ၏ ခန္ဓာကိုယ်ပေါ်တွင် တွေ့ရသည့် ဒဏ်ရာဒဏ်ချက်များသည် မသေမချင်း သတ်ဖြတ်ခံခဲ့ရ သည်မှာ ထင်ရှားပေါ်လွင်နေကြောင်း အင်အားစု ၁၄ ခု၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“ဒဏ်ရာနဲ့ ပတ်သက်လို့ကတော့ အမှုမပြီးဆုံးသေးတဲ့အတွက် ထုတ်ဖော်ပြောလို့ မရသေးပါဘူးဗျ” ဟု ဆရာစိုးက ပြောသည်။

KNU ၏ ထုတ်ပြန်ချက်က ကနဦး ထုတ်ပြန်ချက်သာဖြစ်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင် သွားမည်ဖြစ်ကြောင်း KNUတပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုအယ်နားက ဒီဇင်ဘာလ ၂၄ ရက်တွင် Dawei Watch ကို ပြောဆိုထားသည်။

စစ်ဌာနအပါအဝင် တိုင်းအတွင်းရှိ နိုင်ငံရေး၊ တော်လှန်ရေးအင်အားစု ၁၄ ခုက ပူးတွဲသဘောထား ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မေးမြန်းရန် ပဒိုအယ်နားထံ Dawei Watch က ယနေ့ ဒီဇင်ဘာလ ၃၀ ရက်တွင် ဆက်သွယ်နေသော်လည်း အဆက်အသွယ် မရသေးပေ။

အင်အားစု ၁၄ ခု ထုတ်ပြန်ချက်တွင်လည်း အမှုမှန်ပေါ်ပေါက်ရေးအတွက် ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေးအဖွဲ့အား လွတ်လပ်စွာ စစ်ဆေးခွင့်ပေးရန် တောင်းဆိုထားသည်။

ထို့အပြင် အမှုနှင့် သက်ဆိုင်သည့် တရားလို၊ တရားခံပြသက်သေများ လွတ်လပ်စွာ ထွက်ဆိုနိုင်ရေးကို ဖိအားပေးခြိမ်းခြောက်မှုများ လုံးဝမလုပ်ရန်လည်း အင်အားစု ၁၄ ခုက တောင်းဆိုထားသည်။

အဆိုပါ သတ်ဖြတ်ခံရမှုကို စုံစမ်းစစ်ဆေးရန်အတွက် ဒီဇင်ဘာ ၁၉ ရက်တွင် KNU အပြင် NUG လက်အောက်ခံ PDF မြိတ်ခရိုင် အမှတ် (၁)တပ်ရင်းနှင့် မြို့နယ် ပအဖ၊ ပကဖ၊ ပလဖ တို့ ပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းထားသည်။