ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဘုတ်ပြင်း ဘိုဒါးရွာ အထိုင်စခန်းကို တော်လှန်ရေးအင်အားစုတိုက်ခိုက်၊ စစ်အာဏာရှင်တပ် စခန်းစွန့်ထွက်ပြေးဟုဆို

December 30, 2025

ဘုတ်ပြင်းမြို့နယ်၊ ဘိုဒါးကျေးရွာရှိ စစ်အာဏာရှင်တပ် အထိုင်စခန်းကို တော်လှန်ရေးအင်အားစုများက ပူးပေါင်း တိုက်ခိုက်ရာ စစ်အာဏာရှင်တပ်သားများ စခန်းစွန့်ထွက်ပြေးကြောင်း KNLA တပ်ရင်း ၂၀၃ ၊ တပ်ခွဲ ၄ က ထုတ်ပြန်သည်။

စစ်ကော်မရှင် ရွေးကောက်ပွဲအပိုင်း ၁ ကျင်းပသည့် ဒီဇင်ဘာလ ၂၈ ရက် နံနက် ၁၁ နာရီဝန်းကျင်တွင် ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊SSTF Done Force နှင့် KNLA တပ်ရင်း ၂၀၃ အမှတ် ၄ တပ်ခွဲတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ ကြောင်း ဒီဇင်ဘာလ ၂၉ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါစစ်အာဏာရှင်တပ်စခန်းက ဘိုဒါးကျေးရွာတွင် အထိုင်စခန်းချထားသည်မှာ ၇ လ နီးပါးရှိနေပြီး စစ်အာဏာရှင် တပ်သား ၃၀ ခန့်ရှိကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတာဝန်ခံက ဆိုသည်။

“ကျွန်တော်တို့ မနေ့က (ဒီဇင်ဘာ ၂၈ ရက်) သူတို့ ဂိတ်စခန်းကိုဝင်ပစ်ပြီး စခန်းသိမ်းဖို့စီစဉ်ပေမယ့် သူတို့က ပြန်မခုခံပဲ ကာပစ်ပြီး အတင်းပြန်ဆုတ်ပြေးတယ်ဗျ” ဟု ၎င်းက ပြောသည်။

ဘိုဒါးကျေးရွာသည် ပြည်ထောင်စုလမ်းပေါ်တွင် တည်ရှိပြီး ဘုတ်ပြင်းမြို့သို့ ကားဖြင့်သွားပါက ၁၅ မိနစ်ခန့်သာကြာမြင့်သည့် နေရာတွင် ရှိသည်။

ပြီးခဲ့သည့် ဇွန်လဝန်းကျင်က ဘိုဒါးကျွေးရွာကို စစ်အာဏာရှင်တပ်သား အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးခဲ့ပြီး ကျေးရွာရှိ ဒေသခံများကို မောင်းထုတ်ခဲ့သလို နေအိမ်များရှိ ပစ္စည်းများကို ယူဆောင်ကာ နေအိမ်အချို့ကိုလည်း မီးရှို့ခဲ့ကြောင်း အထက်ပါ ဒုတာဝန်ခံက ပြောဆိုသည်။

ဘိုဒါးရွာဝန်းကျင်ရှိ ဒေသခံတစ်ဦးကလည်း ဒီဇင်ဘာလ ၂၈ရက်က ပစ်ခတ်တိုက်ခိုက်သံများကြားရပြီးနောက် စစ်အာဏာရှင်တပ်သားများ ထွက်ပြေးသွားသည်ဟု ကြားသိရကြောင်း ပြောသည်။

ပြီးခဲ့သည့် ဇွန်လဝန်းကျင်တွင် စစ်အာဏာရှင်တပ် စစ်ကြောင်းထိုးပြီးနောက် ဘိုဒါးကျေးရွာတွင် တပ်စွဲကာ စစ်ဆေးရေးဂိတ် ဖွင့်လှစ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

အဆိုပါဂိတ်သည် ပြည်သူများထံမှာ ငွေကြေးတောင်းရမ်းသလို အစစ်အဆေးလည်း တင်းကျပ်ကြောင်း အထက်ပါ ဒေသခံက ပြောဆိုသည်။

” ဒီဂိတ်က စစ်သားတွေ တော်တော်ဆိုးတယ်။ အရင်က ဒီနားမှာ ဂိတ်မရှိဘူး။ စစ်သားတွေ ထွက်ပြေးသွားကြတယ်လို့တော့ သိတယ်” ဟု ၎င်းက ဆက်လက် ပြောဆိုသည်။

ဒီဇင်ဘာလ ၂၈ရက်က တိုက်ပွဲဖြစ်ပွားချိန် မိနစ် ၃၀ ကြာမြင့်ခဲ့ပြီး စစ်အာဏာရှင်တပ်သားတစ်ဦးသေဆုံးကာ တော်လှန်ရေး အင်အားစုများက အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း KNLA တပ်ရင်း ၂၀၃ ၊ တပ်ခွဲ ၄ ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။