BREAKING
October 18, 2025

ရေကြီးရေလျှံမှုကြောင့် ဘီးလင်းနှင့် သထုံက ဒေသခံတစ်ထောင်ကျော် အရေးပေါ် ပြောင်းရွှေ့

July 29, 2025

ပုံစာ - သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာက ရေမြုပ်နေသည့် နေအိမ်များ။ဓာတ်ပုံ - သထုံ လူမှုကယ်ဆယ်ရေးအဖွဲ့။

မွန်ပြည်နယ်၊ ဘီးလင်းနှင့် သထုံမြို့နယ်အတွင်းက ရပ်ကွက်နှင့် ကျေးရွာအချို့တို့တွင် ရေကြီးရေလျှံနေပြီး ဒေသခံ တစ်ထောင်ကျော်သည် ဘေးလွတ်ရာသို့ အရေးပေါ် ပြောင်းရွှေ့နေရကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေး အဖွဲ့များထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး ဘီးလင်းရေမြင့်တက်လာသောကြောင့် ဘီးလင်းမြို့ပေါ်ရှိ ကန်သာယာရပ်ကွက် အပါအဝင် မြစ်ကမ်းဘေးရပ်ကွက်များနှင့် ကျေးရွာများက လူဦးရေ ၆၀၀ ကျော်က ယာယီရေဘေးရှောင်စခန်းသို့ ပြောင်းရွှေ့ထားရကြောင်း ၎င်းတို့က ဆိုသည်။

“မိုးက အဆက်အပြတ်ရွာနေတော့ မြစ်ရေကလည်း တက်လာတယ်။ မြစ်နဲ့နီးတဲ့နေရာ အနိမ့်ပိုင်းနေရောတွေက ရေဝင်တယ်။ အဲဒီက လူတွေကတော့ ပြောင်းရွှေ့ရတယ်။ မြစ်ရေကလည်း ဆက်တက်နေတော့ ရေမြုပ်တဲ့နေရာကလည်း များလာတယ်။ ဒီမနက်ဆိုရင် ကားလမ်းလည်း ရေကျော်နေတယ်” ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်သည် ၁၀၂၂ စင်တီမီတာရှိပြီး ယနေ့ ဇူလိုင်လ ၂၉ ရက် နံနက် ၇ နာရီခွဲ တိုင်းထွာချက်အရ မြစ်ရေသည် ၁၀၆၉ စင်တီမီတာထိရောက်ရှိနေသဖြင့် စိုးရိမ်ရေးမှတ်အထက် တစ်ပေခွဲကျော် ကျော်လွန်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဘီးလင်းမြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့် ထပ်မံမြင့်တက်လာနိုင်ကာ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

အလားတူ သထုံမြို့နယ်၊ ဒူရင်းဆိပ်ကျေးရွာတွင်လည်း မြစ်ရေတက်လာသည့်အတွက် အိမ်ထောင်စု ၁၀၀ ကျော်မှ လူဦးရေ ၄၀၀ နီးပါးကို ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံများတွင် ဖွင့်လှစ်ထားသည့် ယာယီကယ်ဆယ်ရေးစခန်းသို့ ပြောင်းရွှေ့ထား ရကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ယနေ့ နံနက်ပိုင်းတွင်မူ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်း မစောတံတားနှင့် ကျုံအိတ်တံတားကြားတွင် ရေကျော်နေသလို သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်း တွင်လည်း ရေကျော်နေကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။

ရန်ကုန်၊ မကွေး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်ပြည်နယ်၊ မွန်နှင့် ရခိုင် စသည့် တိုင်းနှင့် ပြည်နယ်များတွင် မိုးတိမ်တောင်များရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်း ဖြစ်ပေါ်နိုင်ကြောင်း မိုးဇလ၏ ထုတ်ပြန်ချက်အရ သိရသည်။