BREAKING
December 2, 2025

ထိုင်း‘မူကထ’ဆိုင်များတွင် ပြာဖြစ်သွားသည့် မြန်မာ့ဒီရေတောများ

June 28, 2025

ထိုင်းနိုင်ငံတွင် ‘မူကထ’ ဆိုင်များမှာ လူကြိုက်များသည့် စားသောက်ဆိုင်များဖြစ်ပြီး ထိုင်းနိုင်ငံအနှံ့တွင် တွေ့နိုင်သလို စားသုံးသူများဖြင့် စည်ကားနေလေ့ရှိသည်။ ယင်းစားသုံးသူများမှာ မြန်မာနိုင်ငံရှိ ဒီရေတောများ ပျက်စီးစေရေးအတွက် တစ်နည်းတစ်ဖုံ ပါဝင်ကူညီနေသူများ ဖြစ်နေသည်ကိုတော့ သတိပြုမိဟန်မတူကြပေ။

ထိုင်းနိုင်ငံတွင် ‘မူကထ’ ဆိုင်များ ရောင်းအားကောင်းနေသည်နှင့်အမျှ မြန်မာနိုင်ငံရှိ ဒီရေတောများ ပိုမိုပျောက်ကွယ်လာသည်။

မူကထ ဆိုသည်မှာ အဝစား အကင်ဆိုင်များဖြစ်ပြီး ဒယ်အိုးခုံးပေါ်တွင် အသားနှင့် ပင်လယ်စာများတင်၍ ကင်ပြီးစားကြခြင်းဖြစ်သည်။

ဒယ်အိုးအခုံး ပတ်ပတ်လည်တွင် အရည်ထည့်ရသည့် မြောင်းပါသဖြင့် အကင်များမှ ကျလာသည့် အရည်များမှာ ယင်းမြောင်းထဲရှိ အရည်များအတွင်း စီးဝင်ပြီး အရသာရှိသည့် ဟော့ပေါ့ကိုလည်း တွဲဖက်စားသုံးနိုင်သဖြင့် လူကြိုက်များခြင်းဖြစ်သည်။

ယင်းမူကထဆိုင် ထောင်ပေါင်းများစွာအတွက် မရှိမဖြစ်ပစ္စည်းက မီးခိုးအထွက်နည်းပြီး မီးတောက်အားကောင်းသည့် အရည်အသွေးကောင်း မီးသွေးပင်ဖြစ်သည်။

ယင်းမီးသွေးမှာ မီးအားကောင်းကာ တာရှည်ခံသည့် ဒီရေတောမီးသွေးခေါ် ပျူးမီးသွေးပင်ဖြစ်သည်။
ထိုင်းနိုင်ငံရှိ မူကထဆိုင်ထောင်ပေါင်းများစွာအတွက် လိုအပ်သည့်ဒီရေတောမီးသွေးကို ဒီရေတောဧကသိန်းပေါင်း များစွာပိုင်ဆိုင်ထားသည့် မြန်မာနိုင်ငံတောင်ပိုင်း မြိတ်ကျွန်းစုက အဓိကဖြည့်ဆည်းပေးနေသည်။

ပါချန်မြစ်ကို ဖြတ်၍

ဝမ်းဗိုက်အကျယ် ၁၈ ပေရှိ မီးခိုရောင်လှေကြီးတစ်စီးက မီးသွေးအိတ်ပေါင်း ၂၆၀၀ တိတိ တင်ဆောင်လာပြီး ညမှောင်မိုက်နေချိန် ပါချန်မြစ်ကို တိတ်တဆိတ်ဖြတ်သန်းလာသည်။

ရနောင်းမြို့အနီးရှိ ပါချန်မြစ်တစ်နေရာအား တွေ့ရစဉ်

အဆိုပါလှေကြီးပေါ်တွင် ဒီရေတာမီးသွေးအိတ် ၂၆၀၀ အလေးချိန်အားဖြင့် ကီလိုဂရမ်တစ်သိန်းနှစ်သောင်း ကိုတင်ဆောင်ပြီး ထိုင်း-မြန်မာ နယ်ခြားဖြစ်သည့် ပါချန်မြစ်ကိုဖြတ်သန်းကာ ထိုင်းနိုင်ငံ ရနောင်းမြို့သို့ လစဉ်ပုံမှန်ဝင်ရောက်နေသည်။

ကျွန်းစုမြို့နယ်အတွင်းမှလာသည့် အဆိုပါလှေမှာ မြိတ်ကျွန်းစုဒေသမှ ရနောင်းမြို့သို့ ပုံမှန်ဝင်ရောက်နေသည့် မီးသွေးတင်လှေအစီးရေ ဒါဇင်ပေါင်းများစွာထဲက တစ်စီးပင်။

ထိုင်းနိုင်ငံရှိ မူကထဆိုင် ထောင်ပေါင်းများစွာ၏ မီးသွေးလိုအပ်ချက်ကို အဆိုပါမီးသွေးတင်လှေကြီးများက ဖြည့်ဆည်းပေးနေခြင်း ဖြစ်သည်။

Dawei Watch ၏ စုံစမ်းချက်အရ ရနောင်းမြို့တွင်း ဆိပ်ကမ်းတစ်လျှောက်တွင် မီးသွေးဂိုဒေါင် ၁၀ လုံး ထက်မနည်းရှိနေပြီး (ဆိပ်ခံ)ဂိုဒေါင်တစ်လုံးလျှင် မီးသွေးတင်လှေ ၁၀ စီးဝန်းကျင်ရှိသည်။

မြိတ်ကျွန်းစုဒေသက တင်ဆောင်လာသည့် ဒီရေတောမီးသွေးတင်လှေကြီးများက အဆိုပါဂိုဒေါင်များတွင် ဆိုက်ကပ်ပြီး ထိုင်းနိုင်ငံအနှံ့ ဖြန့်ဖြူးရောင်းချနေကြောင်း ရနောင်းမြို့တွင် နှစ်ပေါင်းသုံးဆယ်ခန့်နေထိုင်နေသည့် ထားဝယ်ဒေသခံ ကိုထွန်း(အမည်လွှဲ)က ဆိုသည်။

“ဒီကို ရောက်လာချိန်မှာလှေပေါ်ကနေ ကရိန်းနဲ့ပြန်ချကြတယ်။ ထိုင်းကနေ ကုန်ခြောက်တွေ ပြန်တင်သွားကြတယ်။ ဂိုဒေါင်တစ်လုံးမှာဆိုရင် မီးသွေးလှေဆယ်စီးလောက်ရှိကြတယ်။ လှေကြီးတွေချည်းပဲ” ဟု ကိုထွန်းက ပြောသည်။

လှေတစ်စီးက ပျမ်းမျှအားဖြင့် တစ်လလျှင်အသွားအပြန် သုံးခေါက်ပြေးဆွဲလေ့ရှိသည့်အတွက် လှေတစ်စီး၏ တစ်လအတွင်းမီးသွေးတင်ဆောင်လာသည့် ပမာဏက ကီလိုသုံးသိန်းခွဲကျော်ရှိသည်။

မြန်မာပြည်မှတင်သွင်းလာသည့် ဒီရေတောမီးသွေးများကို ရနောင်းမြို့မှတစ်ဆင့် ထိုင်းတစ်နိုင်ငံလုံးကို ပြန်လည်ဖြန့်ဖြူးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဒီရေတောမီးသွေးအိတ်များကို ရနောင်းမြို့ရှိ ကုန်စုံဆိုင်များကို လိုက်ပို့နေစဉ်။

ရနောင်းမြို့ရှိ မီးသွေးလုပ်ငန်းရှင်များနှင့် နီးစပ်သည့် အခြားအမျိုးသားတစ်ဦး၏ အဆိုအရ မြန်မာဘက်မှဝင်လာသည့် မီးသွေးတင်လှေကြီးများမှာ ရနောင်းမြို့သို့ဝင်လာပါက ဝင်ရောက်ဆိုက်ကပ်မည့် ဂိုဒေါင်၊ သယ်ဆောင်လာသည့် မီးသွေးပမာဏတို့ကို ထိုင်းအာဏာပိုင်များထံ အသိပေးပြီးမှ ဝင်ရောက်ရလေ့ရှိသည်ဟု ဆိုသည်။

၂၂ ကီလိုဝင်ဆံ့သည့် မီးသွေးတစ်အိတ်လျှင် ၁၂၀ ဘတ် ဈေးပေးပြီး ရနောင်းမြို့ရှိ ဂိုဒေါင်များ(လက်ကားဒိုင်)က ဝယ်ယူကြောင်း ၎င်းက ပြောသည်။

အဆိုပါမီးသွေးကို ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံအနှံ့ရှိ မီးသွေးဖြန့်ဖြူးသူများက လာရောက်ဝယ်ယူကြပြီး မူကထဆိုင်များကို ပြန်လည်ရောင်းချသည်ဟုသိရကြောင်း အထက်ပါအမျိုးသားက ဆိုသည်။

“ဘန်ကောက်ဘက်ကဆိုရင် ဆယ်ဘီးကားတွေနဲ့တောင် အကြီးအကျယ်လာသယ်ကြတာ”ဟု ၎င်းက ပြောသည်။

မီးသွေးတင်လှေအားလုံးနီးပါးကို မှိုင်းပျပျ မီးခိုးရောင်ဆေးသုတ်လိမ်းထားကြပြီး မြန်မာစစ်ကောင်စီရေတပ်အပြင် ထိုင်းရေတပ်နှင့် အာဏာပိုင်များကိုပါ ငွေကြေး(လာဘ်ငွေ)ပေးရလေ့ရှိကြောင်း မီးသွေးလှေပိုင်ရှင်များက ပြောဆိုသည်။

ပေးရသည့်ငွေပမာဏကို စုံစမ်းသော်လည်း တိတိကျကျ သိရှိရခြင်းမရှိပေ။

ဒီရေတောမီးသွေး ဘယ်ကထွက်

ကမ်းရိုးတန်းအရှည် မိုင် ၅၀၀ ကျော်ရှိပြီး ကျွန်းပေါင်း ၈၀၀ ကျော်ဖြင့်ဖွဲ့စည်းထားသည့် တနင်္သာရီတိုင်းတွင် ဒီရေတောဧက ထောင်ပေါင်းများစွာရှိသည်။

ဒီရေတောနဲ့ ပတ်သက်သည့်အချက်အလက်များဖော်ပြနေသည့် myanmar-ecosystems ဝက်ဆိုဘ်၏ ၂၀၁၈ ခုနှစ်စာရင်းအရ တနင်္သာရီတိုင်းအတွင်း ဒီရေတောဧက ၆ သိန်းကျော် (၆၁၇၇၆၃ဧက) ရှိသည်။

အထူးသဖြင့် ဒီရေတောအများစုက မြိတ်ကျွန်းစုဒေသဟုခေါ်သည့် မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တွင် တည်ရှိပြီး မီးသွေးအဓိကထွက်သည့် ဒေသလည်းဖြစ်သည်။

ကျွန်းစုမြို့နယ်အတွင်းရှိ မီးသွေးဖိုများကို တွေ့ရစဉ်

ဒီရေတောများရှိရာ ကျွန်းစုမြို့နယ် ကော့ဇယားကျေးရွာအုပ်စုက အသက် ၅၀ ကျော်အရွယ် ဦးဘတုတ်(အမည်လွှဲ) လည်း ဒီရေတောမီးသွေးဖုတ်ရင်း အသက်မွေးလာသည်မှာ ၂၅ နှစ်ကျော်လာပြီဖြစ်သည်။

ဦးဘတုတ်တွင် မီးသွေးဖိုအကြီးအသေး ၁၀ ခုရှိပြီး တစ်လလျှင် ၂၅ ပိဿာဝင်ဆံ့သည့် မီးသွေးအိတ်တစ်ထောင်ကျော် ထွက်ရှိကြောင်း ၎င်းက ဆိုသည်။

“မီးသွေးက တစ်လကိုပျှမ်းမျှ အိတ်တစ်ထောင်ဝန်းကျင်လောက်ထွက်တယ်။ သျှမ်းပြည် (ထိုင်းနိုင်ငံ) ကိုအဓိကပို့တယ်။ တခါတစ်‌လေ ဈေးကိုက်ရင် ဘိတ်(မြိတ်)ဘက်ကိုလည်းပို့တယ်” ဟု ဦးဘတုတ်က ပြောသည်။
မြိတ်ကျွန်းစုဒေသထွက် ဒီရေတောမီးသွေးများက ငွေလဲနှုန်းထားကြောင့် ဈေးကောင်းရနေသည့် ထိုင်းဈေးကွက်ကိုသာ အဓိကဦးတည်ကြသည်။

ဒေသထွက် ဒီရေတောမီးသွေးကို ထိုင်းနိုင်ငံပို့မည့် ရွာမှကုန်သည်ထံပြန်ရောင်းပါက ၂၅ ပိဿာဆံ့ မီးသွေးတစ်အိတ်လျှင် ၁၉၀၀၀ ကျပ်ရကြောင်း ၎င်းက ပြောသည်။

ဦးဘတုတ်ကဲ့သို့ပင် ဘုတ်ပြင်းမြို့နယ် မနိုးရုံးရွာတွင်မွေးဖွားကြီးပြင်းခဲ့သည့် အသက် ၅၀ ကျော်အရွယ် ဦးမိုး(အမည်လွှဲ) လည်း ဒီရေတောမီးသွေးဖုတ်ရင်းအသက်မွေးလာသည်မှာ ၁၀ နှစ်ကျော်လာပြီဖြစ်သည်။

မိသားစုဝင် ၁၀ ဦးရှိသည့် ဦးမိုးက စီးပွားဖြစ်မီးသွေးဖိုအကြီးစားများဖြင့် ဖုတ်ခြင်းမဟုတ်ဘဲ မိသားစုစားဝတ်နေရေး အတွက် တစ်နိုင်တစ်ပိုင်ဖုတ်ကာ အသက်မွေးနေသူဖြစ်သည်။

သို့သော်အာဏာသိမ်းပြီးနောက်ပိုင်း စီးပွားရေးလုပ်ငန်းရှင်ကြီးများက မီးသွေးဖိုအကြီးပေါင်းများစွာ လုပ်ကိုင်လာသည့် အတွက် ဒီရေတောအပင်ရှားလာပြီး ဦးမိုးကဲ့သို့ ဝမ်းစာရေးအတွက် တစ်နိုင်တစ်ပိုင်လုပ်ကိုင်နေသူပါ အခက်အခဲကြုံ လာရသည်။

“မီးသွေးဖောင်းတွေလည်း သုံးဆလောက်ပိုများလာတယ်။ ထိုင်းကိုပို့ကြတယ်လေ။ ဈေးကလည်းကောင်းတော့ ရေထင်း(ဒီရေတောအပင်)ရှားလာတဲ့ အဓိကအကြောင်းအရင်းတွေပေါ့” ဟုဦးမိုးက ပြောသည်။
၎င်းတို့ရွာမှာပင် မီးသွေးဖိုအကြီး ၃၀ ဝန်းကျင်အထိရှိနေပြီး ဒီရေတောအပင်များလည်း ပိုရှားလာကြောင်း ၎င်းကဆိုသည်။

“(ဒီရေတောအပင်)ရှားလာတာကတော့ အာဏာသိမ်းပြီးနောက်ပိုင်း ပိုဆိုးလာတယ်။ စည်းကမ်းမဲ့ ဖြစ်လာကြတယ်” ဟု ဦးမိုးက ပြောသည်။

ဦးမိုးတို့ရွာတွင် ထိုင်းနိုင်ငံသို့ တင်ပို့ရန် အရည်အသွေးနှင့် အရွယ်အစားပြည့်မီသည့် ဒီရေတောမီးသွေး တစ်ကီလိုလျှင် ငွေကျပ် ၆၀၀ ဝန်းကျင်ပေါက်ဈေးရှိနေသည်။ ဒီရေတော မီးသွေးကို ဒေသအခေါ် ပါကင်မီးသွေး ဟုလည်း သုံးနှုံးကြသည်။

တစ်ကီလိုလျှင် ကျပ် ၆၀၀ တန် မီးသွေးမှာ ထိုင်းနိုင်ငံ ရနောင်းမြို့ရှိ ဆိုင်ပေါ်သို့ရောက်ချိန်တွင် တစ်ကီလိုလျှင် ထိုင်းငွေ ၁၃ ဘတ်(၁၈၀၀ ကျပ်ခန့်)ဖြင့် ရောင်းချနေသည်။

မီးသွေးဖုတ်သူ ဘာကြောင့်များ

မြိတ်ကျွန်းစုနေဒေသခံအချို့က မိရိုးဖလာအသက်မွေးမှုအရ ယခင်ကတည်းက မီးသွေးဖုတ်ကြသော်လည်း ယခုကဲ့သို့ များပြားခြင်းမရှိကြောင်း ဒေသခံအချို့က ပြောသည်။

လက်ရှိတွင် ဘတ်ငွေလဲဈေးမြင့်နေသည့်အတွက် ဒီရေတောမီးသွေးဈေးကောင်းရနေသလို ပင်လယ်ငါးဖမ်းလှေများအပေါ် စစ်ကောင်စီ ဖိနှိပ်မှုများကြောင့် မီးသွေးဖုတ်သူ ပိုများလာကြောင်း ဘုတ်ပြင်းမြို့နယ် ကံမော်ကြီးရွာနေ ကိုဘဦး(အမည်လွှဲ)က ဆိုသည်။

ပင်လယ်ငါးဖမ်းလှေထွက်ပါက စစ်ကောင်စီရေတပ်က တင်းတင်းကျပ်ကျပ် စစ်ဆေးမေးမြန်းလေ့ရှိပြီး အခန့်မသင့်ပါ နှိပ်စက်ခံရလေ့ရှိသည့်အတွက် စစ်ကောင်စီနှင့်ထိတွေ့ဆက်ဆံရန်မလိုသည့် မီးသွေးလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင် လာကြကြောင်း ကိုဘဦးက ပြောသည်။

“မီးသွေးဖောင်းလုပ်ရင် ဘယ်မှသွားစရာမလိုဘူး။ ကိုယ့်ဥယျာဥ်ထဲမှာကိုး။ ပင်လယ်ပြင်ထွက်ရင် အရင်ကလို မလွတ်လပ်ဘူးလေ။ ဒါကြောင့်မီးသွေးဖုတ်သမား ပိုများလာတာ” ဟု ၎င်းက ဆိုသည်။

ထိုအခြေအနေများအပြင် ငါးဖမ်းလှေထွက်ပါက စက်သုံးဆီ၊ စားစရိတ် စသည့်အထွေထွေ ကုန်ကျစရိတ် များနေသည့်အတွက် မီးသွေးဖုတ်သည့်အလုပ်ကိုပိုမိုလုပ်ကိုင်လာကြကြောင်း ကိုဘဦးက ပြောသည်။

ဒီရေတော ဘယ်လောက်ပျက်စီးနေပြီလဲ

မြိတ်ကျွန်းစုရှိ ဒီရေတောပေါက်ရောက်ရာ နေရာဒေသ ၃ ခု၏ အခြေအနေကို Google Earth မှတစ်ဆင့် လေ့လာကြည့်ရှုရာ ဒီရေတာအပင်များ သိသိသာသာကျဲပါးသွားသည်ကို တွေ့ရသည်။

အာဏာမသိမ်းမီ ၂၀၂၁ နှစ်ဦးပိုင်းနှင့် ၂၀၂၄ ခုနှစ် ဂြိုဟ်တုဓာတ်ပုံများကို နှိုင်းယှဉ်ကြည့်ရာတွင် ဒီရေတောအပင်များ နည်းပါးသွားခြင်းဖြစ်သည်။

ကျွန်းစုမြို့နယ် ကံမော်ကျွန်းအနောက်ဘက်ခြမ်းရှိ ဒီရေတောနှင့် ဘန္ဒဲကျေးရွာအုပ်စုရှိ ဒီရေတော၊ ဘုတ်ပြင်းမြို့နယ်ရှိ ဟန်ကချင်းရွာဝန်းကျင်ရှိ ဒီရေတောတို့ကို နမူနာအနေဖြင့် ကြည့်ရှုခဲ့ခြင်းဖြစ်သည်။

အဆိုပါနေရာဝန်းကျင်တွင် အာဏာမသိမ်းမီက ဒီရေတောအပင်များဖြင့် စိမ်းစိုနေရာက လက်ရှိအချိန်တွင် အပင်များ ကျိုးတိုးကြဲတဲသာရှိတော့သည်။

ဘုတ်ပြင်း၊ ကျွန်းစု၊ မြိတ်မြို့နယ် အပါအဝင် ပင်လယ်ဒီရေတောရှိသည့် ဒေသများတွင် မီးသွေးဖိုများ ပိုများလာနေခြင်းကြောင့် ယင်းသို့ဒီရေတောများ ပျက်စီးလာနေခြင်းဖြစ်သည်။

မီးသွေးဖုတ်သူများလာသည့်အတွက် ဒီရေတောသစ်ပင်များရှားပါးလာပြီး အချို့နေရာများတွင် ပြုန်းတီးသည့်အထိ ဖြစ်လာကြောင်း Dawei Watch က မေးမြန်းခွင့်ရသည့် မီးသွေးဖုတ်နေသူ သတင်းအရင်းအမြစ် သုံးဦးက မှတ်ချက်ပေးပြောဆိုသည်။

NLD အစိုးရလက်ထက်မတိုင်မီက လူတစ်ယောက်ဖက်ဝန်းကျင်ရှိသည့် ဒီရေတောသစ်ပင်များရှိနေသေးပြီး လက်ရှိအချိန်တွင် လက်ကောက်ဝတ်အရွယ်အပင်များသာ ရှိတော့ကြောင်း ဘုတ်ပြင်းမြို့နယ် ကံမော်ကြီးရွာနေ ကိုဘဦးက ဆိုသည်။

“ရေထင်းတွေ မရှိတော့ဘူး။အာဏာမသိမ်းခင်ကတည်းက ရေထင်း (အပင်ကြီး) မရှိဘူး။ လူတစ်ယောက်ပိုက် (လုံးပတ်)အရွယ်ဆို မရှိတော့ဘူး။ ရှိလှ ပေါင်လုံးအရွယ်ပဲ။ အခုကတော့ လက်ကောက်ဝတ်အရွယ်တွေပဲ ကျန်တော့တယ် ခုတ်သမားများလို့”ဟု ကိုဘဦးက ပြောသည်။

ကံမော်ကြီးရွာနှင့်အခြားကျေးရွာများမှ ထွက်ရှိသည့် ဒီရေတောမီးသွေးကို ကျေးရွာရှိ မီးသွေးအဝယ်ဒိုင်များက ဝယ်ယူပြီး ဟန်ကချင်းရွာရှိ လှေများဖြင့် ထိုင်းနိုင်ငံ ရနောင်မြို့သို့ တင်ပို့ရောင်းချကြကြောင်း ၎င်းက ဆိုသည်။

မြိတ်ကျွန်းစုဒေသတွင်း ဒီရေတောထိန်းသိမ်းရေးနှင့်ပတ်သက်ပြီး တက်တက်ကြွကြွလုပ်ဆောင်ခဲ့သည့် မြိတ်မြို့နေ ဦးပိုအင်ကလည်း အာဏာသိမ်းပြီးနောက် ထိန်းကွပ်သူမဲ့လာသည့်အခြေအနေတွင် ဒီရေတောခုတ်ပြီး မီးသွေးဖုတ်သူ အဆမတန် ပိုများလာသည်ဟုဆိုသည်။

ဦးပိုအင်သည် ၈၈ ငြိမ်း/ပွင့်၏ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ရေးရာတာဝန်ခံလည်း ဖြစ်ပြီး Green Network Mergui Archipelago (အစိမ်းရောင်ကွန်ရက်- မြိတ်ကျွန်းစု)၏ Founder & Executive Director ဖြစ်သည်။

“အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ အကုန်လုံးကစည်းပျက် ဖြစ်လာတယ်ပေါ့နော်။ အလုပ်အကိုင်ကလည်း ရှားပါးလာတယ်။နောက်ပြီးတော့ အပေးအယူနဲ့ ဌာနဆိုင်ရာနဲ့အလျင်းသင့်တဲ့သူနဲ့ အလိုတော်ရိတွေနဲ့ပေါင်းပြီးတော့ မီးသွေးဖုတ်တဲ့ဟာ သစ်တွေခုတ်တဲ့ဟာတွေ များလာတယ်”ဟု ဦးပိုအင်က ပြောသည်။

အာဏာမသိမ်းမီက ဒီရေတောများကို အစုအဖွဲ့ပိုင်သစ်တောအဖြစ် သတ်မှတ်ခဲ့သလို ကြိုးပြင်ကာကွယ်တော အဖြစ် သတ်မှတ်ပြီးထိန်းသိမ်းကြသည့်အတွက် အတိုင်းအတာတစ်ခုအထိ ထိန်းသိမ်းကြပ်မတ်နိုင်ခဲ့သည်။

ဥပမာအားဖြင့် ကျွန်းစုမြို့နယ်ရှိ အကျယ်အဝန်း ၃၃၄၀ ဧကရှိသော မအိုင်ကျွန်း ဒီရေတောနှင့် ပုလောမြို့နယ်ရှိ အကျယ်အဝန်း ၇၁၇ ဧကရှိသော ကျောက္ကာအနောက်ကျွန်းတို့ကို ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ကြိုးပြင်ကာကွယ်တောအဖြစ် သတ်မှတ်ထားသည့် ဧရိယာအတွင်း သစ်ပင်ခုတ်ခြင်း၊ ငါးဖမ်းဆီးခြင်းများကို တားမြစ်ထားပြီး ဖောက်ဖျက်ပါက သစ်တောဥပဒေပုဒ်မ ၄၀ ဖြင့်‌ အရေးယူခံရပြီး တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ချမှတ်ခံရနိုင်သည်။ သို့ရာတွင် အာဏာသိမ်းအကျိုးဆက်ကြောင့် အဆိုပါသတ်မှတ်ချက်များမှာ စာရွက်ပေါ်တွင်သာရှိတော့သည့် အခြအနေဖြစ်လာသည်။

လက်ရှိအချိန်တွင်မူ သဘာဝပတ်ဝန်းကျင်အရေး လုပ်ဆောင်နေသူများလည်း စစ်ကောင်စီ၏ ဖမ်းဆီးမှုများကြောင့် ဘေးလွတ်ရာ ရှောင်တိမ်းနေကြရသည့်အတွက် ဒီရေတောခုတ်ယူမှုက ပရမ်းပတာဖြစ်လာကြကြောင်း ဦးပိုအင်က ဆိုသည်။

ထိုကြောင့်လည်း အာဏာသိမ်းကာလ ၄ နှစ်ကျော်လာချိန်တွင် ဒီရေတောအပင်များ ခပ်မြန်မြန်ပြုန်းတီးလာသည်။

ကျွန်းစုမြို့နယ် ကော့ဇယားကျေးရွာအုပ်စုတွင် မီးသွေးဖို ၁၀ လုံးပိုင်ရှင် ဦးဘတုတ်ကလည်း ဒီရေတောအပင်များ ရှားပါးလာသည့်အတွက် အလုပ်သမားငှားရမ်းပြီး လိုက်ခုတ်နေရသလို ကိုယ်တိုင်လည်း သွားခုတ်နေရသည်ဟု ဆိုသည်။

“ဒီရေတောတွေဆိုတာ ဘယ်လိုခံနိုင်မှာတုန်း။ ဟိုလူခုတ် ဒီလူခုတ်လိုက်နဲ့ ကြာတော့မျိုးတုန်းလာရောပေါ့” ဟု ဦးဘတုတ်က ပြောသည်။

ထိုသို့ ပြုန်းတီးလာသည့်အတွက် သဘာဝဂေဟစနစ်ပျက်ယွင်းကာ ဒီရေတောကို မှီခိုပြီးရှင်သန်နေကြသည့် ရေသယံဇာတလည်း ရှားပါးသွားကြောင်း ဦးပိုအင်က ဆိုသည်။

“ဒီရေတောကိုပဲ မှီခိုနေရတဲ့သူတွေရဲ့ စားဝတ်နေရေးကလည်းပဲ နောက်ပိုင်းက ဂေဟစနစ်ပျက်သွားတဲ့အတွက် ရှားပါးလာတာတွေဖြစ်နိုင်တယ်ပေါ့နော်။ ဒါကလည်း သယံဇာတ ကျိန်စာသင့်တဲ့ဟာထဲမှာ ပါတယ်ပေါ့နော်”ဟု ၎င်းက ပြောသည်။

ဘုတ်ပြင်းမြို့နယ် ကံမော်ကြီးရွာနေ ကိုဘဦးကလည်း ဒီရေတောအပင်များ ပြုန်းတီးလာခြင်းများကြောင့် ဒီရေတောအတွင်း ဒေသခံများရှာဖွေစားသောက်လေ့ရှိသည့် ငါး၊ကဏန်း၊ ခရု၊ ရှပ်စသည့် ရေနေသတ္တဝါများလည်း ရှားပါးလာကြောင်း ထောက်ခံပြောဆိုသည်။

ဒီရေတောမှာ ရေနေသတ္တဝါများ၏ ဘဝအစပြုရာဌာနီဖြစ်ပြီး ငါးမျိုးစိတ်အချို့က ဒီရေတာအတွင်း သားပေါက်ကာ အရွယ်ရောက်လာချိန်မှသာ ပင်လယ်အတွင်းသို့ ဆင်းသွားလေ့ရှိသည်။

“ချောင်းကြိုချောင်းကြားမှာ ခဏငယ်ဆင်းသွားရင် ဘာစားမလဲ လိုတဲ့ဟာရှိတယ်။ ဂျင်း ဆိုရင်ဂျင်း၊ ရှပ်ဆိုရင်ရှပ်၊ ခရုဆိုရင် ခရုပေါ့။ အခုက မရှိတော့ဘူး” ဟု ကံမော်ကြီးရွာနေ ကိုဘဦးက ပြောသည်။

မြန်မာနိုင်ငံအတွင်းဖြစ်နေသည့် တိုက်ပွဲနှင့် ပဋိပက္ခများကြောင့် ထိုင်းနိုင်ငံရှိ မူကထ ဆိုင်ထောင်ပေါင်းများစွာ၏ မီးသွေးလိုအပ်ချက်မှာ စိုးရိမ်စရာမလိုဘဲ ပုံမှန်ဖြည့်ဆည်းနေနိုင်ခြင်းလည်းဖြစ်သည်။

အာဏာသိမ်းကာလအတွင်း ဒီရေတောများ အချိန်မြန်မြန်ပြုန်းတီးနေသည့် အခြေအနေတွင် တော်လှန်ရေးတပ်များ ကလည်း ဒေသခံများကို အသိပညာပေးမှုများ လုပ်ဆောင်သင့်ကြောင်း ဦးပိုအင်က အကြံပြုသည်။

ဒီရေတောသယံဇာတကို အလွန်အကျွံထုတ်မသုံးစေရန်နှင့် ရေရှည်ထုတ်ယူသုံးစွဲနိုင်သည့် အခင်းအကျင်းဖြစ်စေရန် အသိပညာပေးမှုများ လိုအပ်ကြောင်း ၎င်းက ဆိုသည်။

“တော်လှန်ရေးပြီးသွားလို့ရှိရင် ဘာမှထုတ်သုံးယူစရာ သယံဇာတလည်းမရှိ။ ဂေဟစနစ်တွေလည်း ပျက်စီးပြီးတော့ ဖြစ်နေမယ့်အစား အခုကတည်းကနေပြီးတော့ အသိသတိရှိရှိနဲ့ အသိပညာပေးလုပ်ငန်းတွေလည်း ဆောင်ရွက်ဖို့လိုတယ်”ဟု ဦးပိုအင်က ပြောသည်။