မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးကြီးကျေးရွာတွင် စစ်အာဏာရှင်တပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး မြေးအဘွားနှစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။
ဇန်နဝါရီလ ၂၆ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က ဘီးလင်းမြို့နယ်အခြေစိုက် စစ်အာဏာရှင် ခြေမြန်တပ်ရင်း ခမရ – ၃ က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် အလူးကြီးကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲကြောင်း ဒေသခံများက ပြောသည်။
လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် နေအိမ်ပေါ်ရှိ အသက် ၅၉ နှစ်အရွယ် အမျိုးသမီးနှင့် ၎င်း၏မြေးဖြစ်သူ အသက် ၃ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့ နေရာတွင်ပင် သေဆုံးကြောင်း ဒေသခံများက ဆိုသည်။
“အိမ်ပေါ်မှာ အဘွားရယ် သူ့သမီးနဲ့ သူ့မြေး ရှိတယ်။ အဘွားနဲ့ သူ့မြေးကတော့ သေဆုံးသွားတယ်။ သူ့သမီးကတော့ ဒဏ်ရာရသွားတယ်။ အခု ဆေးရုံတင်ထားရတယ်။ အိမ်လည်း ပျက်စီးသွားတယ်” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။
စစ်အာဏာရှင်တပ်က လူနေကျေးရွာအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်သောကြောင့် အလူးကြီးကျေးရွာအပါအဝင် အနီးအားရှိ ကျေးရွာများမှ ဒေသခံပြည်သူများ တိမ်းရှောင်နေကြရကြောင်း ဒေသခံများက ပြောဆိုသည်။
ဇန်နဝါရီလ ၂ရက်ကလည်း စစ်အာဏာရှင် ခမရ ၃ တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အမျိုးသား သုံးဦးသေဆုံးခဲ့သည့်အပြင် အသက် ၂ နှစ်ရွယ် ကလေးငယ်နှင့် အသက် ၂၀ ဝန်းကျင် အမျိုးသားတစ်ဦးလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သေးသည်။
အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းကလည်း စစ်အာဏာရှင်တပ် ခမရ-၃ မှ လက်နက်ကြီးကျည် နှစ်လုံး ပစ်ခတ်ခဲ့ရာ အလူးကြီးရွာအနီး ခတ္တာဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့သပြီး ဘုန်းကြီးကျောင်းဝန်းအတွင်း ရောက်ရှိ နေသည့် အမျိုးသမီး သုံးဦး သေးဆုံးခဲ့ကာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဘီးလင်းမြို့နယ်အခြေစိုက် စစ်အာဏာရှင်တပ်ရင်း၊ တပ်စခန်းတို့မှ ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ အတွင်းရှိ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကို ဆက်တိုက်ပြုလုပ်နေပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုလည်း ဆက်တိုက်ရှိနေသည်။







