BREAKING
October 18, 2025

ပေါင်တွင် လေပြင်းတိုက်ပြီး အိမ်တစ်ရာနီးပါး ထိခိုက်ပျက်စီး

July 24, 2025

ပုံစာ - ပေါင်နှင့် သံဖြူဇရပ်မြို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ထိခိုက်ပျက်စီးမှုအခြေအနေ။ ဓာတ်ပုံ – ဒေသခံ

မွန်ပြည်နယ်၊ ပေါင်မြို့တွင် ယနေ့ ဇူလိုင်လ ၂၄ ရက် နံနက်က လေပြင်းတိုက်ခတ်ပြီး နေအိမ်အလုံး တစ်ရာနီးပါး ထိခိုက်ပျက်စီးကြောင်း မြို့ခံများထံမှ သိရသည်။

နံနက် ၇ နာရီ ၄၅ မိနစ်ခန့်က လေပြင်းတိုက်ခတ်ခြင်းဖြစ်ပြီး ပေါင်မြို့ မိုးနိုင်းရပ်ကွက် ကရင်စုပိုင်းနှင့် ပေါင်းရပ်ကွက် ထားဝယ်စုပိုင်းတို့တွင် ထိခိုက်ပျက်စီးမှုများပြားကြောင်း ၎င်းတို့ထံမှ သိရသည်။

“အိမ်ကြီး၊ အိမ်ငယ် အကုန်ထိတယ်။ အခြေအနေ တော်တော်ဆိုးပါတယ်။ ထိတဲ့အိမ်တွေကတော့ ခန့်မှန်း အလုံး တစ်ရာလောက်တော့ ရှိမယ်။ စာရင်းပြုစုနေတုန်းပါပဲ” ဟု ပေါင်မြို့ခံတစ်ဦးက ပြောသည်။

လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပြိုကျခြင်း၊ အိမ်ခေါင်မိုး အမိုးလန်ခြင်းအပြင် သစ်ပင်လဲကျတာ၊ ဓာတ်တိုင်လဲကျတာခြင်းများလည်း ဖြစ်ပွားကြောင်း မြို့ခံများက ဆိုသည်။

ပေါင်မြို့နယ် မော်လမြိုင်-ရန်ကုန်ကားလမ်းပေါ်တစ်လျှောက်တွင်လည်း သစ်ပင်လဲကျခြင်း၊ ဓာတ်တိုက်လဲကျခြင်းကြောင့် ကားလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သေးကြောင်း ၎င်းတို့က ပြောဆိုသည်။

လေပြင်းတိုင်ခတ်မှုကြောင့် အနည်းငယ် ထိခိုက်ဒဏ်ရာရသူ ရှိပြီး ကြီးကြီးမားမားထိခိုက်မှုမျိုး မရှိကြောင်းလည်း မြို့ခံများထံမှ ကနဦး သိရသည်။

ပေါင်မြို့နည်းတူ သထုံမြို့နယ် နောင်ကုလားကျေးရွာတွင်လည်း ယနေ့ နံနက်ပိုင်းက လေပြင်းတိုက်ခတ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကိုမူ Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ဇူလိုင်လ ၂၃ ရက် ညနေပိုင်းကလည်း သံဖြူဇရပ်မြို့‌ အောင်ကုသိုလ်ရပ်ကွက်တွင် လေပြင်းတိုက်ခတ်ပြီး နေအိမ်ထိခိုက်ပျက်စီးခြင်း၊ သစ်ပင်လဲကျခြင်း၊ ဓာတ်တိုက်လဲကျခြင်းများ ဖြစ်ပွားကြောင်း မြို့ခံများက ပြောသည်။

အလားတူ ဇူလိုင်လ ၂၂ ရက်နေ့ကလည်း ရေးမြို့နယ်၊ နှစ်ကရင်ကျေးရွာတွင် လေပြင်းတိုက်ခတ်ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။

မွန်ပြည်နယ်တွင်း ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာန၏ ဇူလိုင်လ ၂၄ ရက် နံနက် ထုတ်ပြန်ချက်အရ မွန်ပြည်နယ်အပါအဝင် တိုင်းနှင့် ပြည်နယ် အများစုတွင် ဇူလိုင်လ ၂၄ ရက်မှ ၂၈ ရက်အတွင်း နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိရသည်။

ယင်းအပြင်ပြင် လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြသည်။

ထို့ကြောင့် ကုန်းမြင့်ဒေသအနီး နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုပြီး ရှောင်ရှားကြရန်လည်း မိုးဇလက သတိပေးထားသည်။