BREAKING
October 30, 2025

ဒရုန်းအသုံးပြု အိမ်ဖောက်ထွင်းသည်ဆိုသော မြန်မာလေးဦးအမှု အငြင်းပွားဖွယ်များရှိ

July 23, 2025

ပုံစာ - မြန်မာလေးဦးကို ဒရုန်းသုံး၍ နေအိမ်ဖောက်ထွင်းမှုဖြင့် အရေးယူထားကြောင်း ကော့ဖငန်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားစဉ်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းရှိ နေအိမ်တစ်လုံးတွင် ဖမ်းဆီးခံရသည့် မြန်မာလေးဦးသည် နေအိမ်များကို ဒရုန်းဖြင့် စောင့်ကြည့်ကာ ဖောက်ထွင်းခိုးယူသည်ဟု ရဲတပ်ဖွဲ့က ပြောဆိုထားပြီး မိသားစုဝင်များနှင့် နီးစပ်သူများ၏ ပြောဆိုချက်မှာမူ ယင်းသို့မဟုတ်ဘဲ ကွဲလွဲနေကြောင်း တွေ့ရသည်။

ကော့ဖငန်းကျွန်းတွင် နိုင်ငံခြားသားများနေထိုင်သည့် အိမ်များကို ဒရုန်းဖြင့် စောင့်ကြည့်ပြီး ဖောက်ထွင်းခိုးယူသည်ဆိုသည့် စွပ်စွဲချက်ဖြင့် မြန်မာနိုင်ငံသား လေးဦးကို ဇူလိုင်လ ၂၂ ရက်က ကော့ဖငန်းရဲစခန်းက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာန များက ဖော်ပြကြသည်။

သို့သော် မိသားစုဝင်တစ်ဦးက ဖမ်းဆီးခံရသူများမှာ ဒရုန်းကို ပိုင်ဆိုင်ထားခြင်း မရှိသလို ဒရုန်းကိုလည်း မသုံးစွဲတတ်ကြောင်း ပြောသည်။

၎င်းတို့လေးဦးသည် အခြားမြန်မာတစ်ဦး၏ အိမ်တွင် ရှိနေစဉ် မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးခံရခြင်းသာဖြစ်ပြီး ဖမ်းဆီးခံရစဉ် နေအိမ်တွင် စွန့်ပစ်ထားသော ဒရုန်းများနှင့်အတူ တွေ့ရှိခဲ့သဖြင့် အမည်တပ်စွပ်စွဲခံရခြင်းသာ ဖြစ်ကြောင်း အထက်ပါမိသားစုဝင်က ဆိုသည်။

“ဒရုန်းတွေက သူတို့ပိုင်တဲ့ ပစ္စည်းတွေလည်း မဟုတ်ဘူး။ ဧည့်သည်အနေနဲ့ ဆေးသွားသုံးတာမျိုး ရှိမှာပေါ့။ ကျွန်မလည်း သူတို့ကို (ဖမ်းဆီးခံရသူ) မေးတယ်။ ဘာတွေဝန်ခံထားလဲလို့ သူတို့လည်း ဘာမှ မဝန်ခံရသေးတာကို (ထိုင်းရဲတပ်ဖွဲ့က) ဘာကြောင့် ဒီလို အမှုတပ်ထားလဲဆိုတာ မသိဘူးတဲ့။ ဘာသာစကားအခက်အခဲ ရှိပေမယ့် သူတို့ မဖြေရသေးဘူး ပြောတယ်” ဟု ဖမ်းဆီးခံရသူများနှင့် ယနေ့တွင် သွားရောက်တွေ့ဆုံလာသော မိသားစုဝင်က ပြောဆိုသည်။

ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ပြောဆိုချက်များကို ကိုးကားပြီးဖော်ပြသည့် ထိုင်းသတင်းများတွင်မူ အဆိုပါ မြန်မာနိုင်ငံသား လေးဦးသည် ဒရုန်းဖြင့် စောင်ကြည့်ပြီး သော့မခတ်ထားသော နေအိမ်များနှင့် အလွယ်ထားထားသော ပစ္စည်းများကို ခိုးယူသည်ဟု ဝန်ခံထားကြောင်း ဖော်ပြထားကြသည်။

ယင်းအပြင် မူးယစ်ဆေးဝါး ၆၆ လုံးကိုလည်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို တရားမဝင် မူးယစ်ဆေးဝါး လက်ဝယ်ပိုင်ဆိုင်မှု၊ သုံးစွဲမှုနှင့် ခိုးယူမှုများဖြင့် အမှုဖွင့်ထားကြောင်း ထိုင်းသတင်းတွင် ဖော်ပြထားသည်။

“ဆေးရောင်းတဲ့သူကို လာဖမ်းတာလား မသိဘူး။ ရောင်းတဲ့သူက ထွက်ပြေးလွတ်မြောက်ပြီး ဒီကလေးတွေကို ဖမ်းပြီး မူးယစ်ဆေးဝါးသုံးစွဲမှုလို့ မတပ်ဘဲ ဖောက်ထွင်းမှုလို့ ပြောခံရတာပါ။ ဒီကလေးတွေက ဒရုန်းသုံးတတ်ဖို့နေနေသာသာ ဖုန်းတောင် ကောင်းကောင်း မကလိတတ်ပါဘူး။ သူတို့ မူးယစ်ဆေးဝါးသုံးစွဲလို့ ဖမ်းခွင့်ရှိတယ်၊ ဖမ်းပါ လက်ခံပါတယ်။ ဒါပေမဲ့ ရဲတွေက ဖောက်ထွင်းမှုလို့သုံးလိုက်တာက အရမ်းကို ရုပ်ဆိုးလွန်းသွားတယ်” ဟု ဖမ်းဆီးခံရသူများနှင့် နီးစပ်သူ ကျွန်းပေါ်နေသူတစ်ဦးက ဆိုသည်။

ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများထဲတွင် ထားဝယ်ဒေသခံ ညီအစ်ကိုနှစ်ဦး ပါဝင်နေကြောင်း မိသားစုထံမှ သိရသည်။