BREAKING
October 30, 2025

ဒရုန်းဖြင့် စောင့်ကြည့်ပြီး အိမ်များကို ဖောက်ထွင်းခိုးယူသည်ဟုဆိုကာ မြန်မာလေးဦး ဖမ်းဆီးခံရ

July 23, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရတ်ဌာနီခရိုင်၊ ကော့ဖငန်းကျွန်းတွင် ဒရုန်းဖြင့် ရှာဖွေစောင့်ကြည့်ပြီး အိမ်များကို ဖောက်ထွင်း ခိုးယူနေသည်ဟုဆိုကာ မြန်မာနိုင်ငံသား လေးဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

၎င်းတို့သည် အိမ်များကို ဒရုန်းဖြင့် ကနဦးစောင့်ကြည့်ပြီး ဖောက်ထွင်းခိုးယူရန် လွယ်နိုင်သည့် နိုင်ငံခြားသားများ ငှားယူထားသော အိမ်များတွင် ဝင်ရောက်ခိုးယူကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသူအများစုသည် အသက် ၂၅ နှစ်မှ ၃၀ နှစ်အရွယ်များဖြစ်ကြပြီး ဇူလိုင်လ ၂၂ ရက်က ၎င်းတို့ ငှားရမ်း နေထိုင်သည့် နေအိမ်တွင် ကော့ဖငန်းရဲတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။

ကော့ဖငန်းကျွန်းသည် လပြည့်ညပါတီဖြစ်သော Fullmoon Party ကြောင့် နိုင်ငံခြားသားခရီးသွား အလာများပြီး နိုင်ငံခြားသား ခရီးသွားများ၏ အိမ်များတွင် သူခိုး ခိုးယူခံရမှု အကြိမ်ရေများလာသဖြင့် တိုင်ကြားမှုရှိလာရာမှ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး၍ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

သော့မခတ်ထားသော နေအိမ်များနှင့် အလွယ်ထားထားသော ပစ္စည်းများကို ဒရုန်းတွင် တွေ့ရပါက ဖောက်ထွင်း ခိုးယူသည်ဟု မြန်မာလေးဦးက ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားကြောင်း ဖော်ပြသည်။

ဒရုန်းကိုလည်း ကော့ဖငန်းကျွန်းသို့ လာလည်သော နိုင်ငံခြားသား ခရီးသွားများထံက ခိုးယူထားသော ပစ္စည်းများ ဖြစ်ကြောင်း ဆိုသည်။

၎င်းတို့ကို ဖမ်းဆီးစဉ် မူးယစ်ဆေးဝါး ၆၆ လုံးကိုလည်း သိမ်းဆည်းရမိခဲ့ပြီး အဆိုပါမူးယစ်ဆေးများကို ခိုးယူရရှိသော ငွေဖြင့် ဝယ်ယူခဲ့သည်ဟု ထွက်ဆိုထားကြောင်း သတင်းများတွင် ဖော်ပြသည်။

လက်ရှိတွင် မြန်မာနိုင်ငံသားများကို ခိုးယူမှု၊ တရားမဝင် မူးယစ်ဆေးဝါး လက်ဝယ်ပိုင်ဆိုင်မှု၊ သုံးစွဲမှုများဖြင့် အမှုဖွင့်ထားကြောင်း သတင်းတွင် ဖော်ပြသည်။

အထက်ပါ ဖြစ်ရပ်နှင့်ပတ်သက်၍ သိရှိနိုင်ရန် မြန်မာလေးဦး၏ မိသားစုဝင်များ၊ နီးစပ်သူများကို မေးမြန်းနိုင်ရန် Dawei Watch က ကြိုးပမ်းနေဆဲဖြစ်သည်။

Ref: Bangkok Post, Matichon Online