ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရေးတွင် စစ်အာဏာရှင်တပ် လက်နက်ကြီးကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

February 23, 2026

ပုံစာ - ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် ရေးဘီလူးအဖွဲ့ (ပုံဟောင်း) ဓာတ်ပုံ - ရေးဘီလူး

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်အာဏာရှင် ခြေမြန်တပ်ရင်း ခမရ ၅၉၁ က ပစ်ခတ် သည့် လက်နက်ကြီးကျည် ဥယျာဉ်ခြံအတွင်း ကျရောက်ပေါက်ကွဲပြီး ဒေသခံအရပ်သားတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရ ကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီလ ၂၂ ရက် နံနက် ၈ နာရီခန့်တွင် ကျောင်းရွာအခြေစိုက် ခမရ ၅၉၁ တပ်ရင်းက လှည့်ကင်းထွက်သည့် စစ်အာဏာရှင်တပ်ဖွဲ့ဝင် ခုနစ်ဦးကို ရေးဘီလူးအဖွဲ့က စောင့်ဆိုင်းတိုက်ခိုက်ရာမှ မိနစ် ၃၀ ခန့်ကြာ နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။

ခမရ ၅၉၁ တပ်ရင်းနှင့် မီတာ ၁၀၀ ခန့်အကွာတွင် နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်ပြီး ပစ်ခတ်မှုဖြစ်ပွားချိန် ခမရ ၅၉၁ ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရသည်။

လက်နက်ကြီးကျည်တစ်လုံးမှာ ဥယျာဉ်ခြံထဲတွင် ကျရောက်ပေါက်ကွဲရာ ခြံတွင်ရှိနေသည့် ကျောင်းရွာမှ ခြံလုပ်ငန်းလုပ်ကိုင် နေသည့် အမျိုးသားတစ်ဦး သေဆုံးပြီး အခြားအမျိုးသားနှစ်ဦးလည်း ထိခိုက်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

ခမရ (၅၉၁) တပ်ရင်းအနီး ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်အာဏာရှင်တပ်ဘက်က ဗိုလ်လေး အပါအဝင် လေးဦး သေဆုံးပြီး ကျန်သုံးဦးမှာ တပ်ရင်းဘက်သို့ ပြန်လည်ဆုတ်ခွာသွားသည်ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ဆိုသည်။

“တိုက်ပွဲဖြစ်တဲ့နေရာက စစ်တပ်နဲ့ အရမ်းနီးတဲ့အတွက်တို့ ဆုတ်ခွာခဲ့ရတယ်” ဟု ၎င်းက ပြောဆိုသည်။

စစ်အာဏာရှင်တပ်ဖွဲ့ဝင်များထံမှ MA3 သေနတ် တစ်လက်၊ ကျည်ဘောက် သုံးခု၊ ကျည်ဆံအတောင့် ၁၀၀ ကိုလည်း သိမ်းဆည်းရမိကြောင်း ရေးဘီလူးအဖွဲ့ထံမှ သိရသည်။

နှစ်ဖက် ပစ်ခတ်မှုအတွင်း စစ်အာဏာရှင်တပ်ဘက်က ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။

ဖေဖော်ဝါရီလ ၃ ရက်ကလည်း ခမရ ၅၉၁ တပ်ရင်းကို ရေးပြောက်ကျားတပ် YGF တပ်ဖွဲ့က တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

ယင်းအပြင် ဒီဇင်ဘာလအတွင်းကလည်း ခမရ ၅၉၁ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့သေးသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီး စစ်အာဏာရှင်တပ်က လူနေကျေးရွာထဲ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီး လက်နက်ကြီးကျည် တစ်လုံးသည် လူနေအိမ်ကြား ကျရောက်ပေါက်ကွဲကြောင့် လူလတ်ပိုင်း အမျိုးသမီးတစ်ဦးနှင့် အမျိုးသားနှစ်ဦး ကျည်စထိမှန် ဒဏ်ရာရခဲ့သည်။

ခမရ ၅၉၁ တပ်ရင်းကို ရေးမြို့နယ်အတွင်းလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့များက မကြာခဏ တိုက်ခိုက်လေ့ရှိပြီး ထိုသို့ တိုက်ခိုက်ခံရချိန်တိုင်းတွင် စစ်အာဏာရှင်တပ်က ရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိကြောင်း ဒေသခံများက ဆိုသည်။