SOPA ဆု ဆိုတာ အာရှဒေသမှာ ဂုဏ်သိက္ခာမြင့်မားတဲ့ သတင်းစာပညာဆုတစ်ခုဖြစ်ပါတယ်။ အရှည်ကောက်ကတော့ အာရှသတင်းစာ ထုတ်ဝေသူများအသင်း (The Society of Publishers in Asia – SOPA) ဆိုပါ။ ဒီနှစ် ၂၀၂၆ ခုနှစ် ဆုပေးပွဲ (The SOPA 2026 Awards) မှာ Dawei Watch သတင်းဌာနနဲ့ အမေရိကန်ပြည်ထောင်စု အခြေစိုက် Mongabay သတင်းဌာနတို့ ပူးပေါင်း ရေးသားတင်ဆက်ခဲ့တဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းထောက်လှမ်းမှု သတင်းဆောင်းပါးတစ်ပုဒ် ဆုချိတ်ခဲ့ပါတယ်။ အဲဒီ စုံစမ်းထောက်လှမ်းတင်ဆက်မှုဟာ ဒေသတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ထူးချွန်သတင်းဆု အမျိုးအစားတွင် ဂုဏ်ထူးဆောင်မှတ်တမ်းဆု (Honorable Mention in Excellence in Reporting on the Environment – Regional) ချီးမြှင့်ခံခဲ့ရပါတယ်။
အဲဒီဆောင်းပါးကတော့ Armed groups and junta profit as toxic mines devour southern Myanmar ပါ။ မြန်မာဘာသာဆောင်းပါး ခေါင်းစဉ်ကတော့ မြေလွှာကိုဖွင့် ပြည်ကို ဖျက်အံ့ပါ။
“အပြစ်ကျူးလွန်သူတွေ အရေးယူခံရခြင်းမရှိသလောက်ဖြစ်နေ၊ အန္တရာယ်လည်းများတဲ့ နိုင်ငံတစ်နိုင်ငံမှာ ဖော်ထုတ်တင်ဆက်ရပေမဲ့ ဒီသဘာပတ်ဝန်းကျင်ဆိုင်ရာ စုံစမ်းရေးသားတင်ပြချက်ဟာ သတင်းစာပညာကနေ တစ်ဆင့် အပြောင်းအလဲကို ဖန်တီးနိုင်စွမ်းကို ပြသနေပါတယ်။ ဒေသခံတွေကိုလည်း တွန်းအားပေးမြှင့်တင်နိုင်တယ်။ ကမ္ဘာလုံးဆိုင်ရာ (ခဲသတ္တု) ထုတ်လုပ်မှု ကွင်းဆက်တွေရဲ့ အစပြုရာနေရာတွေကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်ပြသနိုင်ခဲ့ပါတယ်။ ဒီအရေးကြီးတဲ့ ဇာတ်ကြောင်းကို တစ်ကမ္ဘာလုံးက ပရိသတ်တွေဆီ တင်ဆက်နိုင်ဖို့ ရဲရင့်တဲ့ သတင်းထောက်တွေနဲ့ ထက်မြက်တဲ့ အယ်ဒီတာတို့ရဲ့ သတ္တိ၊ ကျွမ်းကျင်မှု၊ မလျှော့သော ဇွဲလုံ့လတို့ကို တွေ့မြင်ရပါတယ်” လို့ SOPA က ညွှန်းဆိုထားပါတယ်။
ဒီလိုမျိုး နိုင်ငံတကာသတင်းဌာနကြီးတွေနဲ့ ရင်ပေါင်တန်း ဂုဏ်ထူးဆောင်မှတ်တမ်းဆု ရရှိခဲ့ခြင်းဟာ ဒေသအခြေစိုက် စုံစမ်းထောက်လှမ်းမှု သတင်းစာပညာအတွက် မှတ်တိုင်တစ်ခုဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။
တောက်လျှောက် အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ဆက်တွန်းကြတာပေါ့။







