ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဝယ်လက်မရှိသဖြင့် ထားဝယ်ဒေသထွက် နာနတ်သီး ဈေးကျ

June 16, 2026

ဝယ်လက်မရှိသဖြင့် ထားဝယ်ဒေသထွက် နာနတ်သီးမှာ စျေးကျနေပြီး ယခင်နှစ်ကစျေးထက် တစ်ဝက်ခန့်စျေးကျနေသည်ဟု ထားဝယ်မြို့နယ် ရောင်းမော်ကျေးရွာက ဒေသခံအချို့က ပြောသည်။

ပြီးခဲ့သည့်နှစ် ကာလတူတွင် နာနတ်သီး အကြီးဆိုဒ်မှာ (လက်ကားဈေး) တစ်လုံးကို ကျပ် ၃၅၀၀၊ အလတ်ဆိုဒ်မှာ ၁၅၀၀ ကျပ်၊ အငယ်ဆုံးဆိုဒ်မှာ ၈၀၀ ခန့်ရရှိသော်လည်း ယခုနှစ်တွင် အကြီးဆိုဒ်မှာ တစ်လုံးကို ၁၅၀၀ ကျပ်၊ အလတ်ဆိုဒ်မှာ ၈၀၀ ကျပ်၊ အငယ်ဆုံးဆိုဒ်မှာ ၂၀၀-၃၀၀ ကျပ်သာ ရရှိသည်ဟု ခြံရှင်အချို့က ပြောသည်။

“အခုက လမ်းပန်းဆက်သွယ်ရေးမကောင်းတာနဲ့ နိုင်ငံရေးအခြေအနေကြောင့် ဈေးမရတာ၊ အရင်က မြိတ်ကို တစ်နေ့တည်းသွားလို့ရောက်တဲ့ခရီးက အခုဆို လမ်းမှာ သုံးရက်လောက်ကြာတယ်၊ ဆိုတော့ နာနတ်သီးတွေက လမ်းမှာတင်ပုပ်ကုန်တယ်ပေါ့နော်၊ အဲဒီတော့ မြိတ်က ဝယ်လက်တွေကလည်း မဝယ်ရဲကြဘူး” ဟု နာနတ်ခြံပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

ထားဝယ်ခရိုင်က ကျေးရွာများတွင် ရော်ဘာ၊ ကွမ်းသီး၊ သီဟိုဠ်စသည့် နှစ်ရှည်ပင်များကို အဓိကစိုက်ပျိုးကြပြီး နာနတ်သီးကို ယင်းဥယျာဉ်ခြံများတွင် ကြားညှပ်သီးနှံအဖြစ်သာ စိုက်ပျိုးကြခြင်းဖြစ်သည်။

ရောင်းမော်ရွာသည် နာနတ်သီး အဓိကစိုက်ပျိုးသည့်ကျေးရွာဖြစ်ပြီး ထားဝယ်ခရိုင်တွင် နာနတ်သီးအများဆုံးထွက်သည့် ကျေးရွာလည်းဖြစ်သည်။

“အကြီးအသေး သောင်းပြောင်းပေါ့နော်၊ တစ်လုံးကို ၂၀၀-၃၀၀-၅၀၀ နဲ့ဈေးဖြတ်ပေးတယ်၊ အလုံး ၁၀၀ ရောင်းမှ ၅၀၀၀၀ လောက်ပဲရတယ်၊ ငွေ ငါးသောင်းဆိုတာ ဆွတ်ခ၊ ခူးခမပြောနဲ့ ခြံထဲကိုသွားတဲ့ ဆိုင်ကယ်ဆီဖိုးတောင်မရဘူး၊ တချို့ခြံရှင်တွေလည်း ဈေးမရလို့ဒီတိုင်းပဲ ထားထားတာလည်း ရှိတယ်၊ ယိုထိုးဖို့ကလည်း ထိုးပေးတဲ့လူ မရှိဘူး၊ သူများကိုငှားရင်လည်း နေ့စားခက တစ်ရက် နှစ်သောင်းခွဲလောက်ပေးရတယ်၊ သကြားဈေးကလည်း ကြီးတာနဲ့ ယိုထိုးဖို့ကလည်း မကိုက်ကြပြန်ဘူး” ဟု ရောင်းမော်ဒေသက နာနတ်ခြံရှင် အမျိုးသမီးတစ်ဦးက ပြောသည်။

ရောင်းမော်ဒေသထွက် နာနတ်သီးကို ထားဝယ်ခရိုင် လေးမြို့နယ်နှင့် ပုလော၊ မြိတ်မြို့တို့ကို နှစ်စဉ် တင်ပို့ရောင်းချရပြီး မြိတ်မြို့က အဓိကဝယ်ယူသည်ဟု ဥယျာဉ်ခြံရှင်အချို့က ပြောသည်။

သရက်ချောင်းမြို့နယ်နှင့် ပုလောမြို့နယ်သည် စစ်ရေးအခြေအနေကြောင့် မကြာခဏ လမ်းပိုင်းပိတ်ဆို့မှုများဖြစ်ပေါ်နေပြီး ထားဝယ်မှ မြိတ်သို့ တစ်နေ့နှင့် တစ်ညအိပ်သွားရသည်ဟု ယာဉ်လိုင်းများနှင့် ဒေသခံများက ပြောသည်။

လမ်းကြောင်းရက်ရှည်ပိတ်ပါက ကုန်စည်များ ပုပ်ကုန်၍ ကုန်ကူးသန်းရောင်းဝယ်ရာတွင် ဆုံးရှုံးမှုများကြုံတွေ့ရသည်ဟု ကုန်ကားသမားအချို့နှင့် ကုန်စည်ဝယ်ရောင်းသူ အချို့က ပြောသည်။

အထွေထွေကုန်ဈေးနှုန်းများ တရိပ်ရိပ် တက်နေသော်လည်း ဒေသထွက်သီးနှံများမှာ ဈေးကောင်းမရဖြစ်နေပြီး ဥယျာဉ်ခြံလုပ်ငန်း လုပ်ကိုင်သူများ အရှုံးနှင့်ရင်ဆိုင်နေရသည်ဟု တောင်သူများက ဆိုကြသည်။

No related posts found.