ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သရက်ချောင်းတွင် စစ်အာဏာရှင်တပ်က ဒေသခံများ၏ ဆိုင်ကယ်များသိမ်းပြီး ပိုက်ဆံဖြင့် ပြန်ရွေးခိုင်း

April 6, 2026

သရက်ချောင်းမြို့နယ် မြိတ်-ထားဝယ်ကားလမ်းပေါ်ရှိ ဝင်းဝစခန်းနှင့် အနီးဝန်းကျင်ရွာကို ရောက်နေသည့် စစ်အာဏာရှင်တပ်စစ်ကြောင်းက ဒေသခံများ၏ ဆိုင်ကယ်များကို သိမ်းပြီး ပိုက်ဆံနှင့်ပြန်ရွေးခိုင်းသည်ဟု စစ်ရှောင်မိသားစုများထံက တစ်ဆင့်သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်များ မတ်လ ၁၁ ရက်က တစ်လနီးပါးကြာ ထိုးစစ်ဆင်တိုက်ခိုက်သိမ်းယူထားသည့် မြိတ်-ထားဝယ် အမှတ် (၈) ပြည်ထောင်စုကားလမ်းပေါ်က ဝင်းဝစခန်းကို စစ်အာဏာရှင်တပ်က ရက် ၂၀ ခန့်အကြာ မတ်လ ၃၁ ရက်တွင် ပြန်လည်ထိန်းချုပ်ထားသည်။

ဝင်းဝစခန်းနှင့် အနီးဝန်းကျင်ရွာများတွင် တပ်ဖြန့်ထားသည့် စစ်အာဏာရှင်တပ်က စစ်ရှောင်မိသားစုများ အပါအဝင် ဒေသခံများ၏ ဆိုင်ကယ်များနှင့် ကားအချို့ကို သိမ်းဆည်းယူဆောင်သွားပြီး ပိုက်ဆံနှင့်လာထုတ်ခိုင်းသည်ဟု ဂုံညှင်းဆိပ်ရွာက စစ်ရှောင်မိသားစုဝင် အမျိုးသားတစ်ဦးက ပြောသည်။

“ဆိုင်ကယ်တော်တော်များများ ယူသွားတယ်လို့ပြောတယ်၊ ချောင်းဝပြင်ရွာ ဘုန်းကြီးကျောင်းမှာစုထားပြီး လိုင်စင်နဲ့ ပိုက်ဆံယူလာပြီး လာရွေးခိုင်းနေတယ်လို့ပြောသံကြားတယ်၊ အိမ်ကတော့ နှစ်စီးပါသွားတယ်၊ သွားမယူရဲဘူး” ဟု အထက်ပါ အမျိုးသားက ဆိုသည်။

သိမ်းဆည်းသွားသည့် ဆိုင်ကယ်များကို ငွေကြေးပမာဏ မည်မျှဖြင့် လာထုတ်ခိုင်းသည်ဆိုသည်ကိုမူ အသေးစိတ်မသိရသေးကြောင်း စစ်ရှောင်မိသားစုဝင်အချို့က ပြောသည်။

ဆိုင်ကယ်အစီးရေ အများအပြားကို စစ်အာဏာရှင်တပ်စစ်ကြောင်းက သိမ်းဆည်းယူဆောင်သွားပြီး အရပ်သားအချို့ကိုလည်း ဖမ်းဆီးထားသည်ဟု စစ်ရှောင်မိသားစုဝင်အချို့က ပြောသည်။ ဆိုင်ကယ်အစီးရေနှင့် ဖမ်းဆီးခံရသူ အရေအတွက် အတိအကျကိုမူ မသိရသေးပေ။

ရေချိုချောင်းရွာက စစ်ရှောင်မိသားစုဝင် အမျိုးသမီးတစ်ဦးကလည်း ၎င်းတို့အိမ်က ဆိုင်ကယ်နှစ်စီးနှင့် ရွာက အမျိုးသားတစ်ဦး၏ အိမ်က ကားတစ်စီးအပြင် အခြားဒေသခံများ၏ ဆိုင်ကယ်များကိုလည်း စစ်အာဏာရှင်တပ်သားများ သိမ်းယူသွားသည်ဟု ဆိုသည်။

ချုံထဲတွင်ဝှက်ထားခဲ့သည့် ကားအားသွားယူသည့် အမျိုးသားလေးဦးမှာ ကားနှင့်အတူ ဖမ်းဆီးခံခဲ့ရပြီး မတ်လ ၆ ရက်တွင် ပြန်လွတ်လာသည်ဟု အထက်ပါအမျိုးသမီးက ဆိုသည်။

“ရွှေလှိုင်းဆိုင်ကယ်တွေရော စက်ဘီးတွေပါယူတယ်၊ ဆိုင်ကယ်ငယ်တော့ ပြန်ပေးလား မပေးလားမသိဘူး၊ မီးတို့အဒေါ်ကတော့ စက်ဘီးတစ်စီးတော့ပြန်ပေးခဲ့ပါဆိုပြောလို့ ပြန်ပေးခဲ့တယ်လို့ပြောတယ်” ဟု ရေချိုချောင်းရွာက အထက်ပါ အမျိုးသမီးက ပြောသည်။

အချို့ရွာသားများမှာ အခြားတစ်နေရာတွင် စစ်ဘေးရှောင်နေပြီး စစ်အာဏာရှင်တပ်စစ်ကြောင်းကို အတွေ့မခံရဲသဖြင့် ဆိုင်ကယ်နှင့် ကားများကို သွားရောက်ထုတ်ယူရန် မရဲဖြစ်နေကြသည်ဟု ဒေသခံအချို့က ပြောသည်။

ဝင်းဝစခန်းနှင့် ရေချိုချောင်း၊ ချောင်းဝပြင်၊ ဂုံညှင်းဆိပ်စသည့် ဝင်းဝစခန်းအနီးဝန်းကျင်ရွာများတွင် စစ်အာဏာရှင်တပ်စစ်ကြောင်းက တပ်ဖြန့်နေရာယူထားပြီး ပူးပေါင်းတပ်က ဒရုန်းနှင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု ဒေသခံအချို့နှင့် စစ်ရေးသတင်းအရင်းအမြစ်အချို့က ပြောသည်။

ဧပြီလ ၃ ရက်ကလည်း ရေချိုချောင်းရွာနှင့် အနီးဝန်းကျင်ကို စစ်အာဏာရှင်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု သိရသည်။