ထားဝယ်မြို့တွင် ဧပြီလ ၂ရက် ညပိုင်းက မြို့ခံ အိမ်ထောင်သည် အမျိုးသားသုံးဦး စစ်မှုထမ်းစုဆောင်းခံရကြောင်း မြိုခံများထံမှ သိရသည်။
စစ်မှုထမ်းစုဆောင်းခံရသူသုံးဦးမှာ ထားဝယ်မြို့ပေါ်ရပ်ကွက် နှစ်ခုမှ ဖြစ်ကြပြီး နှစ်ဦးမှာ အသက် ၃၅ နှစ်အောက်ဖြစ်ကာ ကျန်တစ်ဦးမှာ ၃၅ နှစ်အထက်ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။
အဆိုပါ အမျိုးသားသုံးဦးကို ညဘက် နေအိမ်တွင် ဝင်ရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဖြစ်စဥ်အားသိရှိသည့် မြို့ခံတစ်ဦးက ဆိုသည်။
“မြိတ် (စစ်မှုထမ်းသင်တန်းကျောင်း) ကိုတော့ မပို့သေးဘူး။ ၄၀၁ (ထားဝယ်မြို့အခြေစိုက် စစ်အာဏာရှင်ခြေမြန်တပ်ရင်း) ထဲမှာ ရှိနေတယ်။ ပါသွားတဲ့ တစ်ယောက်ကိုတော့ တွေ့ခွင့်ရဖို့ မိသားစုက ကြိုးစားနေတယ်” ဟု ၎င်းက ပြောဆိုသည်။
အဆိုပါအမျိုးသားသုံးဦးစလုံးသည့် အစ္စလာမ်ဘာသာဝင်များဖြစ်ကြောင်း မြို့ခံအစ္စလာမ်အသိုင်းအဝိုင်းထံမှ သိရသည်။
ထားဝယ်တွင် စစ်မှုထမ်းစုဆောင်းခံရသူများကို စစ်အာဏာရှင်တပ်၏ အမှတ် (၈) စစ်ဆင်မှုကွပ်ကဲရေးဌာနချုပ် လက်အောက်ရှိ ခမရ ၄၀၁ တပ်ရင်းတွင် ဖမ်းဆီးထားကာ သတ်မှတ် လူဦးရေပြည့်ပါက သရက်ချောင်းမြို့နယ် ဆင်ဖြူပြင် ဆိပ်ကမ်းမှတစ်ဆင့် ရေကြောင်းဖြင့် မြိတ်မြို့သို့ ပို့ဆောင်လေ့ရှိသည်။
ယင်းနောက် ပလောက်မြို့နှင့် ကျွန်းစုမြို့နယ်ရှိ သင်တန်းစခန်းများသို့ ပို့ဆောင်ကာ စစ်သင်တန်းတက်စေကြောင်း စစ်မှုထမ်းစုဆောင်းခံရဖူးသူ ကာယကံရှင် မိသားစုဝင်များ၏ ပြောဆိုချက်အရ သိရသည်။
ယခုနှစ် ဇန်နဝါရီလက ထားဝယ်မြို့တွင် စစ်မှုထမ်းစုဆောင်းရာတွင်လည်း အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦး ပါဝင်ခဲ့ကြောင်း မြို့ခံအစ္စလာမ်အသိုင်းအဝိုင်းထံမှ သိရသည်။
ယခု ဧပြီလဆန်းတွင်ပင် ထားဝယ်မြို့တွင် စစ်မှုထမ်း စုဆောင်းခံရသူ ဆယ်ဦးထက်မနည်းရှိပြီဖြစ်ကြောင်း Dawei Watch က စုံစမ်းသိရှိရသည်။







