မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း စစ်အာဏာရှင်တပ်က လက်နက်ကြီးဖြင့် နေ့စဉ်ရက်ဆက်ပစ်ခတ်နေသောကြောင့် ကျေးရွာ ၁၀ ရွာခန့်က ဒေသခံ ငါးထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများ လိုအပ်နေကြောင်း အကူအညီပေးနေသူများထံမှ သိရသည်။
ဘီးလင်းမြို့နယ်အခြေစိုက် စစ်အာဏာရှင်တပ် ခြေမြန်တပ်ရင်း ခမရ (၃) နှင့် ကျိုက်ထိုမြို့နယ်အခြေစိုက် အမှတ် (၃၁၀) အမြောက်တပ်ရင်းတို့က ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေကြောင်း ဒေသခံများက ပြောသည်။
ယင်းသို့ ပစ်ခတ်နေခြင်းကြောင့် အလူး၊ ဖိုးဝါးသိမ်၊ ဒေါက်ရပ် စသော ကျေးရွာအုပ်စုများရှိ ကျေးရွာ ၁၀ ခန့်က ဒေသခံပြည်သူ ငါးထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံများ၊ ကူညီပေးနေသူများက ဆိုသည်။
ဘီးလင်းမြို့နယ်အတွင်း စစ်အာဏာရှင်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတော်လှန်ရေး တပ်တို့အကြား တိုက်ပွဲများ နေ့စဉ်နီးပါးဖြစ်ပွားနေပြီး လတ်တလောတွၚ်လည်း ရန်ကုန်-မော်လမြိုင်လမ်းတစ်လျှောက်ရှိ ကျေးရွာများဘက်သို့ စစ်အာဏာရှင်တပ်က စစ်အင်အားတိုးချဲ့နေကြောင်း ဒေသခံများက ပြောဆိုသည်။
တိုက်ပွဲဖြစ်ပွားသည့်နေ့များတွင် လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်သလို တိုက်ပွဲများဖြစ်ပွားခြင်း မရှိသည့်နေ့များ တွင်လည်း ကျေးရွာများဘက်သို့ ပစ်ခတ်တိုက်ခိုက်ကြောင်း ဒေသခံများထံမှ သိရသည်။
“ရွာဘက်ကို လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်နေတယ်။ မနေ့က (ဖေဖော်ဝါရီ ၅) ဆိုရင် ဖိုးဝါးရွာထဲကို ဒရုန်းနဲ့ ဗုံးကြဲတယ်။ တိုက်ပွဲလည်း မရှိဘူး။ ဘာမှလည်း မရှိဘူး ရွာဘက်မှာ။ အဲဒါကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတယ်။ လူတွေလည်း ရွာမှာ မနေရဲ ကြတော့ဘူး။ လူတွေ ရွာကနေ ထွက်သွားအောင် တမင်သက်သက်လုပ်နေသလိုပါပဲ” ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။
လက်ရှိတွင် တိမ်းရှောင်နေသည့် ဒေသခံများ အမိုးအကာများလိုအပ်နေပြီး ရက်ကြာမြင့်စွာတိမ်းရှောင်ရလည်း စားနပ်ရိက္ခာလည်း အခက်အခဲ ကြုံရနိုင်ကြောင်း အကူအညီပေးနေသူများက ဆိုသည်။
စစ်အာဏာရှင်တပ်က ဘီးလင်းမြို့နယ်တွင် ပြီးခဲ့သည်နှစ် ဒီဇင်ဘာလ လကုန်ပိုင်းမှစတင်ကာ လက်နက်ကြီးဖြင့် ပစ်ခတ် နေခြင်းဖြစ်ပြီး ဇန်နဝါရီလ လကုန်ပိုင်းတွင် ကျေးရွာများအတွင်း ကျရောက်ပေါက်ကွဲမှု၊ လူထိခိုက်သေဆုံးမှုများ ရှိလာပြီး နောက် ဒေသခံများ မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်ကြကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက် နေ့လယ်ခန့်က ဘီးလင်းမြို့နယ်၊ ဖိုးဝါးသိမ်ကျေးရွာ မူလတန်း စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စာသင်ကျောင်းဆောင်များ ထိခိုက်ပျက်စီးခဲ့သည်။
ဇန်နဝါရီလ ၂၆ ရက်ကလည်း စစ်အာဏာရှင်တပ် ပစ်ခတ်သည့် လက်နက်ကြီးကျည် အလူးကြီးကျေးရွာရှိ နေအိမ်တစ်လုံးပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၅၉ နှစ်အရွယ် နော်အေးဝင်းနှင့် အသက် ၃နှစ်အရွယ် မြေးဖြစ်သူတို့ သေဆုံးပြီး အသက် ၂၇ နှစ် အရွယ် နော်သော်တာ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်းကလည်း ခမရ (၃) က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ အလူးကြီးရွာအနီး ခတ္တာဘုန်းကြီး ကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းဝန်းအတွင်း ရောက်ရှိနေသည့် အမျိုးသမီး သုံးဦး သေးဆုံးခဲ့ပြီး၊ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
ဘီးလင်းမြို့နယ်အခြေစိုက် စစ်အာဏာရှင် တပ်ရင်း တပ်စခန်းတို့က ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ အတွင်းရှိ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကို ဆက်တိုက်ပြုလုပ်နေပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုလည်း ဆက်တိုက်ရှိနေသည်။







