မြိတ်မြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား အလုံးရေ ခုနစ်သိန်းကျော် တန်ဖိုးအားဖြင့် ငွေကျပ် နှစ်ဘီလီယံကျော်ဖိုး ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။
စစ်ကော်မရှင် လက်အောက်ခံ မူးယစ်ဆေးဝါးထိန်းချုပ်ရေး ဗဟိုကော်မတီက ဇန်နဝါရီလ ၅ ရက်တွင် ထိုကဲ့သို့ ထုတ်ပြန်ထားခြင်းဖြစ်သည်။
မြိတ်မြို့နယ်၊ တက္ကသိုလ်ရပ်ကွက်၊ တက္ကသိုလ်ရိပ်သာလမ်းအတိုင်း ကိုအောင်ထွန်းမင်းဆိုသူ မောင်းနှင်လာသော ဆိုင်ကယ်ကို စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား နှစ်သောင်း ဖမ်းဆီးရမိပြီးခဲ့ကြောင်း ဖော်ပြသည်။
အဆိုပါ အမျိုးသားအား စစ်ဆေးချက်အရ မြိတ်မြို့နယ် ကျွဲကူးကျေးရွာတွင် နောက်ထပ်စိတ်ကြွရူးသွပ်ဆေးပြား ခုနစ်သိန်းကျော် ထပ်မံဖမ်းဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါမူးယစ်ဆေးဝါးများကို သယ်ဆောင်ရန် စေခိုင်းသူ ကိုအောင်မျိုးလွင်ဆိုသည့် အမျိုးသားတစ်ဦးကိုလည်း မြိတ်မြို့ မြိတ်တောင်ရပ်ကွက်တွင် ဖမ်းမိကြောင်း ဆိုသည်။
ပုလောမြို့တွင်နေထိုင်သည့် အမှုနှင့် ဆက်စပ်သည့် အမျိုးသားတစ်ဦးကိုမူ မဖမ်းမိသေးဟု ဆိုသည်။
မူးယစ်ဆေးဝါးထိန်းချုပ်ရေးဗဟိုကော်မတီ၏ ထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ မေလအထိ ငါးလအတွင်း မြိတ်မြို့နယ်တစ်ခုတည်းတွင် မူးယစ်ဆေးဝါးအလုံးရေ နှစ်သိန်းကျော်ဖမ်းမိခဲ့ကြောင်း သိရသည်။







