မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်အချို့က လူနေအိမ်များကို ကျူးကျော်ဆောက်လုပ်ထားသည်ဆိုပြီး စစ်ကော်မရှင် လက်အောက်ခံအဖွဲ့အစည်းများက လိုက်လံဖြိုချဖျက်ဆီးမှု ဆက်တိုက်လုပ်ဆောင်နေကြောင်း မြို့ခံများထံမှ သိရသည်။
မုပွန်ရပ်ကွက် ရထားဘူတာဟောင်းအနီးက လူနေအိမ် အလုံး ၂၀ ကျော်ကို ယခု ဇန်နဝါရီလ ၃၁ ရက်တွင် အင်အားအလုံးအရင်းဖြင့် ဖြိုချဖျက်ဆီးခဲ့ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။
ဖြိုချဖျက်ဆီးခံရသည့် နေအိမ်များသည် နှစ်အတန်ကြာ နေထိုင်နေကြသူများဖြစ်ပြီး အိမ်များလည်း အခိုင်အမာ ဆောက်ထားသည့် တိုက်အိမ်များလည်း ပါဝင်ကြောင်း ၎င်းတို့က ဆိုသည်။
“အစိုးရပိုင်တဲ့ မြေထဲကို ကျူးကျော်ပြီး ဝင်နေနေတယ်ဆိုပြီး အိမ်တွေကို လာဖျက်ဆီးသွားတယ်။ အိမ်တွေက အခုမှ ဝင်နေနေကြတာ မဟုတ်ဘူး။ တချို့ဆို ဆယ်စုနှစ်နဲ့ချီ နေနေကြတယ်။ အိမ်တွေဆိုရင် တိုက်အိမ်တွေ အိမ်အကောင်းတွေ ဖြစ်နေကြပြီ။ အခုမှ ကျူးကျော်ဆိုပြီး လုပ်သွားတယ်” ဟု ရပ်ကွက်နေသူတစ်ဦးက ပြောဆိုသည်။
နေအိမ် ဖြိုချဖျက်ဆီးခံရသူများကို နီးစပ်ရာ အသိမိတ်ဆွေ၊ ဆွေမျိုးနေအိမ်တို့တွင် ခိုလှုံနေကြရပြီး အခက်အခဲမျိုးစုံနှင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း ရပ်ကွက်နေသူများက ဆိုသည်။
၂၀၂၅ ခုနှစ်အတွင်းကလည်း လှိုင်ရပ်ကွက်နှင့် သာယာအေးရပ်ကွက်တို့တွင် အစိုးရပိုင်မြေပေါ် ကျူးကျော် ဝင်ရောက်နေထိုင် သည်ဆိုပြီး လူနေအိမ်၊ ဘုန်းကြီးကျောင်း၊ စျေးဆိုင်အပါအဝင် အဆောက်အအုံ ၅၀၀ ခန့်ကို စစ်ကော်မရှင် လက်အောက်ခံ အဖွဲ့အစည်းများက ဖြိုချဖျက်ဆီးခဲ့သည်။
လှိုင်နှင့် သာယာအေးရပ်ကွက်က ကျူးကျော်ဆိုပြီး နေအိမ်များ ဖယ်ရှားလိုက်သည့်နေရာတွင် စစ်ကော်ရှင်က မြို့သစ် စီမံကိန်း အကောင်အထည်ဖော်ပြီး ပေ ၄၀၊ ပေ ၆၀ မြေကွက်တစ်ကွက်လျှင် ကျပ်သိန်းထောင်ချီဖြင့် ပြန်လည်ရောင်းချခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ယင်းအပြင် မြေနီကုန်းရပ်ကွက်က နေအိမ် အလုံး ၂၀ ခန့်ကိုလည်း ကျူးကျော်နေအိမ်များဆိုပြီး စစ်အာဏာရှင်တပ်က အင်အားသုံး ဖြိုချဖျက်ဆီးခဲ့သေးသည်။
“မနှစ်ကလည်း လှိုင်၊ သာယာအေး၊ မြေနီကုန်း အဲဒီရပ်ကွက်ဘက်မှာ ကျူးကျော်ဆိုပြီးတော့ အိမ်တွေ ဖြိုချခံရတာရှိတယ်။ အိမ်ဖြိုခံရတဲ့လူတွေကို သူတို့ ဘာမှ လုပ်ပေးတာမရှိဘူး။ အစားထိုး နေရာပေးတာမျိုး မရှိဘူး။ အဲဒီနေရာကနေ ဖယ်ပေး မဖယ်ပေးရင် သူတို့ လာဖြိုမယ် အဲဒီအတိုင်းပဲ” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောသည်။
ကျူးကျော်ဆိုပြီး လူနေအိမ်များကို ဖြိုချဖျက်ဆီးခဲ့သည့် နေရာများသည် ယခင်က အစိုးရအဆက်ဆက်တွင် စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဖြစ်သည့် မွန်ငြိမ်းချမ်းရေးကာကွယ်ရေးတပ်ဖွဲ့က ရောင်းချခဲ့သည့် နေရာများဖြစ်ကြောင်း မြို့ခံများက ဆိုသည်။







