ခေတ်ဆိုးချိန် တနင်္သာရီမှ မိုးဦးကျ သတ္တုမှိုတွင်းများ
ကိုမောင်တူးတစ်ယောက် ကွမ်းသီးခြံ ၆ ဧက ကို ဒေသပေါက်ဈေးထက် ၇ ဆနီးပါး ဈေးပိုပေးပြီး ဝယ်လိုက်သည်။
ဘုတ်ပြင်းမြို့နယ်ရှိ ယင်းဥယျာဉ်ခြံကို ကျပ်သိန်းနှစ်ထောင်ဝန်းကျင်ဖြင့် ယခုနှစ် ဇူလိုင်လက ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ဈေးကြီးပေးဝယ်ထားသည့် ဥယျာဉ်ခြံအတွင်း ကွမ်းသီးပင်များ စိုက်ပျိုးထားသော်လည်း ကွမ်းသီးမည်မျှထွက်မည်ကို ကိုမောင်တူး လုံးဝစိတ်မဝင်စား။
သူစိတ်ဝင်စားသည်က ဥယျာဉ်ခြံမြေကြီးအတွင်းရှိ ခဲသတ္တုများများ ထုတ်ယူနိုင်ရေးပင်။
ကိုမောင်တူး ဈေးကြီးပေးဝယ်လိုက်သည့် နေရာဝန်းကျင်တွင် ခဲသတ္တုမထွက်သည့် ဥယျာဉ်ခြံတစ်ဧကဈေးက ကျပ်သိန်းငါးဆယ်ပင် မပြည့်ပေ။
“ခဲဈေးကောင်းရင် မြေဈေးကောင်းတယ်။ ခဲဈေးနဲ့ ခဲမြေဈေးက ထပ်တူအချိုးကျတဲ့သဘောရှိတယ်။ ကိုယ်က ဒီမြေကိုဝယ်မယ်သေချာရင် သူတို့ခေါ်တဲ့ဈေးပေးရလိမ့်မယ်”ဟု ကိုမောင်တူးက ပြောသည်။
အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းအတွင်းရှိ ကွမ်းသီးတော၊ ဒူးရင်းတော၊ ရော်ဘာတောအဖြစ်မှ သတ္တုလုပ်ကွက်အဖြစ် အသွင်ပြောင်းသွားခဲ့ရသည့် ဥယျာဉ်ခြံက လက်ညှိုးထိုးမလွဲပင်။
ယခင်က တောတောင်မြစ်ချောင်းဘေးတွင်သာ တွေ့ရလေ့ရှိသည့် သတ္တုလုပ်ကွက်များက အာဏာသိမ်းပြီးနောက်ပိုင်း ဥယျာဉ်ခြံနှင့် လူနေအိမ်ကြားအထိ ရောက်လာသည်။

၂၀၂၄ ခုနှစ် ဧပြီလတွင် ရိုက်ကူးထားသည့် ဂြိုဟ်တုဓာတ်ပုံများအရ တနင်္သာရီတိုင်းအတွင်း သတ္တုတူးနေသည့်နေရာ ၆၆ ခုထက်မနည်းရှိလာပြီး စုစုပေါင်း အကျယ်အဝန်း ဧကနှစ်သောင်းခွဲကျော် (၂၅၄၁၄ ဧကထက်မနည်း) အထိ ရှိနေသည်။
ယင်းမှာ ထားဝယ်မြို့ဧရိယာထက် ၄ ဆ နီးပါး ပိုမိုကျယ်ဝန်းနေပြီး ဘောလုံးကွင်းနှင့် နှိုင်းယှဉ်ပါက ကွင်းပေါင်း တစ်သောင်းလေးထောင်နှစ်ရာခန့်ရှိသည်။
စစ်အာဏာမသိမ်းမီက တနင်္သာရီတိုင်းအတွင်း သတ္တုလုပ်ကွက် ၃၀ တွေ့ရပြီး စုစုပေါင်းဧက ၇၆၈၀ ဧကဝန်းကျင်သာရှိရာ ဧရိယာအားဖြင့် ၃ ဆကျော် တိုးလာခြင်းဖြစ်သည်။
တိုးလာသည့် သတ္တုလုပ်ကွက်တစ်ကွက်၏ အကျယ်အဝန်းမှာ ဆယ်ဧကမှ ဧကနှစ်ထောင်ကျော်အထိ အကျယ်အဝန်းရှိသည်။ ထိုနေရာများတွင် ခဲသတ္တုအပြင် ရွှေသတ္တုပါ ထွက်ရှိပြီး လုပ်ငန်းရှင်များက စစ်ကောင်စီတပ် အပါအဝင် လက်နက်ကိုင်တပ်မျိုးစုံကို ငွေကြေးပေးပြီး တူးဖော်နေကြခြင်းဖြစ်သည်။
ရဲစခန်းတံခါးဝအထိ အရောက် သတ္တုလုပ်ကွက်

တရားဥပဒေစိုးမိုးရေးလုပ်ဆောင်ရာဌာနအဖြစ် သတ်မှတ်ထားသည့် ရဲစခန်း၏ အနောက်ဘက်ခြံစည်းရိုးအစပ်အထိ သတ္တုလုပ်ငန်းများ ရောက်လာသည်အထိ ဆိုးရွားလာသည်။
သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့် ခဲသတ္တုလုပ်ငန်းများဖြင့် နာမည်ကြီးသည့် ရေဖြူမြို့နယ်အတွင်းရှိ ကံပေါက်ရဲစခန်း၏ အနောက်ဘက်ခြံစည်းရိုးအစပ်အထိ သတ္တုတူးဖော်နေသည်။
ယင်းမှာ မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း တရားဥပဒေစိုးမိုးမှုအပါအဝင် အဘက်ဘက်က ယိုယွင်းပျက်ယွင်းလာခြင်း၏ ပြယုဂ်တစ်ခုပင်ဖြစ်ကြောင်း ကံပေါက်ဒေသနေ ဦးအောင်ပန်းက ဆိုသည်။ ဦးအောင်ပန်းက ဒီမိုကရေအစိုးရ NLD လက်ထက်က ရပ်ရွာသတ္တုစောင့်ကြည့်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည့်အတွက် သတ္တုလုပ်ငန်းအကြောင်း ကောင်းကောင်းသိရှိနေသူတစ်ဦးဖြစ်သည်။
“ဥပဒေစိုးမိုးမှုကတော့ လုံးဝမရှိဘူးလေ အခုအချိန်မှာ။ တစ်ကယ်တမ်း ထိန်းသိမ်းရမယ့်လူတွေကိုယ်တိုင်ကကို ဒီဟာကြီးကို ပျက်စီးအောင်လုပ်နေတယ်ဆိုတာကတော့ အဆန်းတကြယ်တော့ မဟုတ်ဘူးပေါ့နော်။ ခေတ်ပျက်မှာဆိုတော့လေ”ဟု ဦးအောင်ပန်းက ပြောသည်။
အာဏာမသိမ်းမီက ကံပေါက်ဒေသတွင် သတ္တုတွင်းဦးစီးဌာန၏ ၂၀၂၁ ခုနှစ် နိုဝင်ဘာလအထိ ထုတ်ပြန်ထားသော စာရင်းအရ ကံပေါက်ကျေးရွာ ဒယ်ကိုကုမ္ပဏီက ၂၀၈၇ ဧက၊ အုန်းပင်ကွင်းကျေးရွာရှိ ပုပ္ပါးအယ်လ် ကုမ္ပဏီ ၃၇ ဧက နှင့် အောင်ဟိန်းဗိုလ်ဝင်းကုမ္ပဏီ ၄၅ ဧက ကိုသာ သတ္တုတူးဖော် ခွင့်ပြုထားသည်။
သို့သော် အဆိုပါကုမ္ပဏီများက စုစုပေါင်း ၃၆၆ ဧကဝန်းကျင်သာတူးဖော်ထားကြသည်ကို ၂၀၂၁ ခုနှစ်ဇန်နဝါရီလက ရိုက်ကူးထားသည့် ဂြိုလ်တုဓာတ်ပုံများအရ သိရသည်။
၂၀၂၄ ခုနှစ် ဧပြီလတွင်ရိုက်ကူးထားသည့် ဂြိုလ်တုဓာတ်ပုံများအရ ဧကနှစ်ထောင်နီးပါးရှိနေသည်။
ထိုကြောင့် အာဏာသိမ်းပြီးသုံးနှစ်ကျော်ကြာချိန်တွင် ဧက ၁၅၀၀ နီးပါးအထိ ပိုမိုကျယ်ပြန့်လာသည်ကို တွေ့ရသည်။
လက်ရှိတွင်လည်း အဆိုပါ ကုမ္ပဏီများက ဆက်လက်လုပ်ကိုင်နေကြပြီး တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များက ကံပေါက်ဒေသတစ်ခွင် ပွစာကြဲသည်အထိတူးဖော်နေကြကြောင်း ဦးအောင်ပန်းက ဆိုသည်။
ယခင်အစိုးရအဆက်ဆက်ကတည်းက လုပ်ကိုင်ခွင့်ရထားသည့် Delco က အာဏာသိမ်းပြီးနောက်ပိုင်း ခဲတူးသည့်ဧရိယာကို တိုးချဲ့တူးဖော်နေသလို အသစ်ဝင်လာသည့် လုပ်ငန်းရှင်များကလည်း နေရာအနှံ့တူးဖော်နေကြသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ Delco ကုမ္ပဏီကို ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အီးမေးလ်မှတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆောင်းပါးဖော်ပြချိန်အထိ ပြန်လည်ဖြေကြားခြင်းမရှိပေ။
ယခုအခါတွင် ကံပေါက်၊ အုန်းပင်ကွင်းရွာ၊ ပယရွာ၊ ပြင်ကြီးရွာ၊ ပိန္နဲတောနှင့် ဂန့်ဂေါ်တောင် အပါအဝင် အနီးဝန်းကျင်ကျေးရွာများရှိ ဥယျာဉ်ခြံများက သတ္တုလုပ်ကွက်များအဖြစ် ပြောင်းလဲသွားကြပြီဖြစ်သည်။
“တော်တော်များများနေရာအားလုံးက သတ္တုလုပ်ကွက်တွေချည်း ဖြစ်ကုန်ပြီ”
တက်တက်ကြွကြွနေတတ်သည့် သတ္တုစောင့်ကြည့်ရေးအဖွဲ့ဝင် ဦးအောင်ပန်း၏ မချိတင်ကဲလေသံပင်။
အဆိုပါနယ်မြေတွင် စစ်ကောင်စီ၏ မောရဝတီရေတပ်စခန်းဌာနချုပ်ရှိပြီး အဓိကအားဖြင့် စစ်ကောင်စီအာဏာလွှမ်းမိုးသည့် ဒေသဟု ဆိုနိုင်သည်။
စစ်ကောင်စီထိန်းချုပ်သည့်ဒေသတွင် ယင်းကဲ့သို့ သတ္တုတူးနိုင်ရေးအတွက် စစ်ကောင်စီ၏ဌာနများဖြစ်သည့် ရဲတပ်ဖွဲ့၊ ရဲသတင်းတပ်ဖွဲ့၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့၊ စစ်ကောင်စီတပ်ဖွဲ့များနှင့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး စသည့်ဌာနမျိုးစုံကို လာဘ်ငွေအဖြစ် ကျပ်သိန်းဆယ်ချီပေးရသည်ဟု သိရကြောင်း ဦးအောင်ပန်းက ဆိုသည်။
ကံပေါက်ဒေသကဲ့သို့ပင် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အားလုံးနီးပါးတွင် ခဲသတ္တုလုပ်ကွက်များ အလျှိုလျှိုပေါ်လာသည်ကို ဂြိုလ်တုဓာတ်ပုံများနှင့် ဒေသနေပြည်သူအချို့၏ ပြောဆိုချက်များအရ သိရသည်။
ထိန်းချုပ်နယ်မြေသုံးခုမှ သတ္တုတွင်းများ
တနင်္သာရီတိုင်းအတွင်းအထိန်းအကွပ်မဲ့ သတ္တုတူးနေသည့်နေရာများကို ထိန်းချုပ်နယ်ဇုန်အမျိုးအစားသုံးခုခွဲပြီး ရှုမြင်နိုင်သည်။
ထိုနေရာများမှာ စစ်ကောင်စီထိန်းချုပ်ဇုန်၊ တော်လှန်ရေးတပ်များထိန်းချုပ်နယ်မြေနှင့် စစ်ကောင်စီတပ်ရော တော်လှန်ရေးတပ်ပါ နှစ်ဘက်စလုံးက ထိန်းချုပ်နိုင်ရန် ဘတစ်ပြန် ကျားတစ်ပြန်ကြိုးပမ်းနေကြသည့် နယ်မြေဟု အကြမ်းအားဖြင့် ခွဲခြားနိုင်သည်။
ဒေသခံလက်လုပ်လက်စားသတ္တုတူးဖော်သူများက အာဏာမသိမ်းမီကတည်းက အဆိုပါသုံးနေရာစလုံးတွင် အသက်မွေးဝမ်းကျောင်းတစ်ခုအနေဖြင့် လုပ်ကိုင်နေကြသည်။
၎င်းတို့က စားဝတ်နေရေးအတွက် မြစ်ချောင်းများအတွင်း ခဲယင်း(ခဲရှာဖွေ)ကြသလို ကုမ္ပဏီလုပ်ကွက်အနီးဝန်းကျင်တွင် ခဲရှာဖွေကြခြင်းဖြစ်သည်။
စစ်ကောင်စီထိန်းချုပ်ဇုန်ရှိ သတ္တုလုပ်ကွက်များ
တော်လှန်ရေးကာလ လေးနှစ်အတွင်းချင်းနင်းဝင်ရောက်လာချိန်တွင် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်၊ ခရိုင်မြို့ကြီးများ၊ တံတားများ၊ စစ်ဆေးရေးဂိတ်များ အစရှိသည့် နေရာအချို့ကိုသာ စစ်ကောင်စီတပ်က စိုးမိုးထားနိုင်သည်။
ကျန်သည့်နေရာများကို တော်လှန်ရေးတပ်များက ထိန်းချုပ်ထားခဲ့သည်။
စစ်ကောင်စီတပ်စခန်းများရှိပြီး ပျူစောထီးဟုခေါ်သည့် ပြည်သူ့စစ်အားကောင်းသည့်ဒေသများကိုလည်း စစ်ကောင်စီကပင် ထိန်းချုပ်ထားဆဲဖြစ်သည်။
ဘုတ်ပြင်းမြိုန့ယ်၊ ပုလောမြို့နယ်၊ ရေဖြူမြို့နယ်၊ ကျွန်းစု၊ ကော့သောင်းမြို့နယ် စသည့်ဒေသများရှိ နယ်မြေအများစုကို စစ်ကောင်စီတပ်နှင့် ၎င်း၏လက်ဝေခံအဖွဲ့များက ထိန်းချုပ်ထားပြီး အာဏာမသိမ်းမီကတည်းက သတ္တုတူးဖော်နေကြသည့် နေရာများဖြစ်သည်။
သတ္တုတူးဖော်ကြသည့် ကုမ္ပဏီများက အကြီးစားနှင့် အလတ်စား တူးဖော်လုပ်ကိုင်နေကြသလို ဒေသခံများကလည်း လက်လုပ်လက်စား လုပ်ကိုင်နေကြသည်။
အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကံပေါက်ဒေသကဲ့သို့ပင် စစ်ကောင်စီကြီးစိုးရာ အထက်ပါဒေသများ၌ ဒေသလုပ်ငန်းရှင်များနှင့် တိုင်းပြင်ပမှလာသည့် လုပ်ငန်းရှင်များက အပြိုင်အဆိုင်တူးဖော်ကြတော့သည်။
အဆိုပါဒေသရှိ စစ်ကောင်စီလက်ဝေခံ ပျူစောထီးများ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများနှင့် စစ်ကောင်စီတပ်သားများကို လာဘ်ငွေပေးကာ အလုအယက်တူးဖော်နေကြကြောင်း မြိတ်မြို့ခံတစ်ဦးဖြစ်သည့် ၈၈ (ငြိမ်း/ပွင့်) က သယံဇာတနှင့် သဘာပတ်ဝန်းကျင်ရေးရာတာဝန်ခံ ဦးပိုအင်က ဆိုသည်။
တစ်ဖက်တွင်လည်း နယ်မြေအလိုက် အပိုင်စားရသည့် ပျူစောထီးများနှင့် အလွမ်းသင့်သည့် စီးပွားရေးလုပ်ငန်းရှင်များက သတ္တုတူးဖော်မည့် လုပ်ငန်းခွင်များအတွင်း အလုအယက်ရောက်လာကြကြောင်း ဦးပိုအင်က ပြောသည်။
“သူတို့စိတ်ကြိုက်ပဲ သူတို့စီမံခန့်ခွဲတဲ့ဟာတွေမျိုးဖြစ်တဲ့အတွက် အတားအဆီးမဲ့ဖြစ်ကုန်တာပေါ့နော်”ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီရေတပ်စခန်းဌာနချုပ်ရှိသည့် ရေဖြူမြို့နယ် ကံပေါက်ဒေသတွင်လည်း အုပ်ချုပ်ရေးမှူးအပါအဝင် စစ်ကောင်စီဌာနများကို ငွေပေးပြီးပါက စိတ်ကြိုက်သတ္တုတူးနိုင်သည့် အခြေအနေရှိကြောင်း ဦးအောင်ပန်းက ဆိုသည်။
“စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ပိုင်တာနဲ့ တစ်နိုင်တစ်ပိုင်လုပ်ကွက်တွေက ဘာမှပြောစရာမလိုဘူး။ သူတို့နဲ့ ပေါင်းသင်းဆက်ဆံပြီး ပေးကမ်းပြီးတာနဲ့ လုပ်လို့ရတယ်”ဟု ၎င်းက ပြောသည်။
ထိုကြောင့်လည်း စစ်ကောင်စီထိန်းချုပ်နယ်မြေအတွင်း ခဲသတ္တုတူးသည့်လုပ်ငန်းများ အပြိုင်အဆိုင်ပေါ်ပေါက်လာကြ ခြင်းဖြစ်သည်။
ဘုတ်ပြင်းမြို့နယ်အတွင်း ဥယျာဉ်ခြံ ၆ ဧကဝယ်ပြီး သတ္တုတူးနေသည့် ကိုမောင်တူးကလည်း ပျူစောထီးနှင့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးကို တစ်လလျှင် ကျပ်သိန်း ၃၀ ထက်မနည်း ပုံမှန်ပေးနေရကြောင်း ထုတ်ဖော်ပြောဆိုသည်။
“ဗျူစောထီးတွေကတစ်မျိုး၊ ကျေးရွာအာဏာပိုင်တွေကတစ်မျိုး။ ဘယ်လောက်ပေးရတာလဲ ဆိုတော့ သူတို့တောင်းသလောက်ပေါ့ ဗျား”ဟု ကိုမောင်တူးက ပြောသည်။
တော်လှန်ရေးနယ်မြေထဲမှ သတ္တုလုပ်ကွက်
တော်လှန်ရေးတပ်များထိန်းချုပ်ထားသည့်နေရာများတွင်လည်း တရားမဝင် သတ္တုတူးဖော်မှုများရှိနေသည်ကို ဂြိုလ်တုဓာတ်ပုံများနှင့် မြေပြင်ရှိ သတင်းအရင်းအမြစ်များအရ သိရသည်။
တိုင်းရင်းသားလက်နက်ကိုင်ဖြစ်သည့် KNU ထိန်းချုပ်နေရာအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ တပ်အချို့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ လိုကယ်PDF များ စိုးမိုးထားသည့် နေရာများတွင်လည်း သတ္တုလုပ်ကွက်များ ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည်။
အထူးသဖြင့် ထားဝယ်အရှေ့တောဒေသ၊ တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်ရှိ ဒေသများတွင် အဓိကတူးဖော်နေကြသည်။
ထိုသို့တူးဖော်ကြရာတွင် KNU အပါအဝင် တော်လှန်ရေးတပ်အချို့လည်း ပါဝင်ပတ်သက်နေကြောင်း သတင်းအရင်းအမြစ်များက ပြောဆိုကြသည်။
လက်နက်ကိုင်အဖွဲ့ပေါင်းများစွာ အခြေပြုထားသည့် ထားဝယ်အရှေ့တောဒေသတစ်ခုတည်းမှာပင် သတ္တုတူးဖော်နေကြသည့် နေရာ ၁၇ ခုထက်မနည်းရှိလာပြီး အကျယ်အဝန်းအားဖြင့် ဧက လေးထောင်ကျော် (၄၃၇၄ဧက) အထိရှိနေသည်ကို ဂြိုလ်တုဓာတ်ပုံများအရ သိနိုင်သည်။
ထားဝယ်အရှေ့တောရှိ ဟိန္ဒား၊ မြေးခန္တီ၊ ဟာမြင်းကြီး၊ ရေဝိုင်း၊သင်္ကန်းတုံး၊ လိပ်ကြယ်ပြောင်၊ သရက်ငုတ် စသည့်ကျေးရွာများရှိ ခဲသတ္တုတူးဖော်နေသည့် လုပ်ငန်းများတွင် KNU နှင့် ကော်သူးလေတပ်(KTLA) အပါအဝင် နွေဦးတော်လှန်ရေးအတွင်း ပေါက်ဖွားလာသည့် တော်လှန်ရေးတပ်အချို့ပါ ပါဝင်ပတ်သက်နေသည်။
အဆိုပါ တော်လှန်ရေးတပ်များက ခဲသတ္တုတူးသည့်လုပ်ငန်းရှင်များထံမှ ငွေကြေးကောက်ခံနေသလို ထွက်ရှိလာသည့် ခဲသတ္တုများသယ်ယူပို့ဆောင်ရာတွင်ပါ ပါဝင်ပတ်သက်နေကြောင်း ယင်းနယ်မြေတွင်လှုပ်ရှားနေသည့် ထားဝယ်မြို့နယ် ပြည်သူ့လုံခြုံရေးဒုတာဝန်ခံ ဗိုလ်ပီတာက ဆိုသည်။
ဗိုလ်ပီတာက အမျိုးသားညီညွတ်ရေးအစိုးရ၏ ထားဝယ်မြို့နယ် တွဲဖက်အခွန်တော်အရာရှိ တာဝန်ကိုပါ ပူးတွဲ ထမ်းဆောင်နေသူဖြစ်သည်။
“အခုချိန်မှာက လက်နက်ကိုင်တွေနဲ့ ဖက်ပြီးတော့ ပေါ်ပေါ်ထင်ထင်ကို လုပ်လာတာကြီးက တော်တော်လေးကို ဆိုးဆိုးရွားရွား များပြားလာတယ်”ဟု ဗိုလ်ပီတာက ပြောသည်။
အထူးသဖြင့် အင်္ဂလိပ်လက်ထက်ကတည်းက တူးဖော်နေသည့် ဟိန္ဒားသတ္တုမိုင်းတွင် ကော်သူးလေတပ်(KTLA)က အခွန်ဟုဆိုကာ ငွေကြေးကောက်ခံခဲ့သည်။
ဒေသခံများ၏အဆိုအရ ကော်သူးလေတပ်ကို ငွေကြေးပေးထားသည့် အသေးစားသတ္တု လုပ်ငန်းရှင်များက အများပြည်သူသွားလာနေသည့် သတ္တုကြောရှိသည်ဟုဆိုကာ ဟိန္ဒားရွာအဝင်လမ်းကိုပင် စက်ယန္တရားများဖြင့် တူးဖြိုခဲ့သည့်အတွက် လမ်းလုံးဝပျက်စီးသွားခဲ့သည်။
ထိုနေရာများမှာ KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေဖြစ်ပြီး တော်လှန်ရေးတပ်မျိုးစုံ အခြေပြုလှုပ်ရှားနေသည့် ဒေသလည်းဖြစ်သည်။
ယင်းကိစ္စနှင့် ပတ်သက်၍ KNU တပ်မဟာ ၄ မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုအယ်နားကို အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိခဲ့ပေ။
ထိုကြောင့် ပရမ်းပတာသတ္တုတူးဖော်နေခြင်းကို တားဆီးထိန်းသိမ်းမည့်သူများအတွက် ကြီးမားသည့် စိန်ခေါ်မှုများလည်း ရှိနေသည်။
“လက်နက်ကိုင် အချင်းချင်းစကားပြောရတဲ့အချိန်မှာ တစ်ချို့အရာတွေက ထိန်းသိမ်းပြီးတော့ ပြောနေရတဲ့ အခန်းကဏ္ဍတွေရှိတယ်။ တော်လှန်ရေးက ဘုံရန်သူတစ်ခုတည်းအတွက် ဦးတည်ထားတာဖြစ်တဲ့အတွက် တစ်ချို့အရာတွေဆိုရင် တော်လှန်ရေးလမ်းစဉ်နဲ့ သွေဖယ်သွားမှာစိုးလို့ စည်းစောင့်ပြီး ထိန်းသိမ်းနေရတဲ့ အခန်းကဏ္ဍတွေ ရှိတယ်ခင်ဗျာ”ဟု ဗိုလ်ပီတာက ပြောသည်။
လေဟာနယ်ရှိ သတ္တုလုပ်ကွက်
အာဏာလေဟာနယ်ဖြစ်နေသည့် ဒေသများတွင်လည်း ခဲနှင့်ရွှေ အပါအဝင် သတ္တုတူးဖော်မှုက စစ်ကောင်စီစိုးမိုးနယ်မြေနှင့် တော်လှန်ရေးတပ်ထိန်းချုပ်နေရာထက် ပိုများပြီး ပိုမိုလုပ်ကိုင်နေကြသည်။
အဆိုပါဒေသများတွင် စစ်ကောင်စီတပ်စစ်ကြောင်းဝင်ချိန် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်လေ့ရှိပြီး စစ်ကြောင်း ပြန်ဆုတ်သွားချိန်တွင် တော်လှန်ရေးတပ်များက နေရာပြန်ယူထားလေ့ရှိသည်။
ထိုကဲ့သို့ ထိန်းချုပ်လွတ် လေဟာနယ်များက တနင်္သာရီတိုင်းအတွင်း နေရာအနှံ့တွင် ရှိနေပြီး သတ္တုတူးဖော်မှုများက ထင်တိုင်းကြဲနေကြသည်။
ထိုနေရာများတွင် ဒေသခံလုပ်ငန်းရှင်များအပါအဝင် တိုင်းဒေသကြီးပြင်ပမှ လာရောက်လုပ်ကိုင်သည့် လုပ်ငန်းရှင်များလည်း ပါဝင်နေကြောင်း Dawei Watch ၏ သတင်းအရင်းအမြစ်များက ဆိုသည်။
ရွှေတူးဖော်နေကြသည့် ရေဖြူမြို့နယ်ရှိ ဇင်းဘာချောင်းမှာ ပါဝါလေဟာနယ်များအတွင်း အဆိုးရွားဆုံးပျက်စီးခဲ့ရသည့် သားကောင်ပင်ဖြစ်သည်။
တနင်္သာရီသဘာဝသစ်တောကြိုးဝိုင်းအတွင်းရှိ ဇင်းဘာချောင်းမှာ ချိုင့်ခွက်ပေါင်းများစွာ၊ တွင်းပေါင်းများစွာဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း အချိန်တိုအတွင်းမှာပင် လုံးဝပျက်စီးသွားခြင်းဖြစ်သည်။
လက်နက်ကိုင် အဖွဲ့များဖြင့် ပူးပေါင်းကာ လုပ်ဆောင်နေသည့် တရားမဝင် ရွှေတူးလုပ်ငန်းများမှာ စိတ်ရှိတိုင်း လုပ်နေကြခြင်းကြောင့် ယင်းသို့ ကာလတိုအတွင်း မြန်မြန်ဆန်ဆန်ပျက်စီး သွားခြင်းဖြစ်သည်။
ထိုင်းနယ်စပ်ဘက်မှ မြစ်ဖျားခံပြီးစီးဆင်းလာသည့် ဇင်းဘာချောင်းဖျားတစ်လျှောက် ၁၆ မိုင်ခန့်ရှည်သည့် ရွှေလုပ်ကွက်များရှိနေပြီး ချောင်းမှာလုံးဝပျက်စီးသွားပြီဖြစ်သည်။
ဇင်းဘာချောင်းစီးဆင်းနေသည့် သဘာဝကြိုးဝိုင်းဧရိယာမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေဖြစ်သလို စစ်ကောင်စီတပ်စခန်းများလည်းရှိနေသလို တော်လှန်ရေးတပ်အချို့လည်း လှုပ်ရှားနေသည်။
ထိုကဲ့သို့ ပါဝါလေဟာနယ်ဖြစ်နေသည့် နေရာများက ရေဖြူမြို့နယ်အပြင် တနင်္သာရီမြို့နယ်၊ထားဝယ်မြို့နယ်အပါအဝင် အခြားမြို့နယ်များတွင်လည်း ရှိနေပြီး သတ္တုတူးဖော်မှုများက ကျယ်ကျယ်ပြန့်ပြန့်ရှိနေသည်။
သတ္တုအခွန်ကောက်လာသည့် NUG
ပွစာကြဲလာသည့် သတ္တုတူးဖော်ရေးလုပ်ငန်းများကို ထိန်းကျောင်းနိုင်ရေးအတွက် NUG လက်အောက်ခံအဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ် ဇူလိုင်လဝန်းကျင်မှစကာ အခွန်စတင်ကောက်ခံခဲ့ကြောင်း တွဲဖက်အခွန်တော်အရာရှိ ဖြစ်သူ ဗိုလ်ပီတာက ဆိုသည်။
ခဲလုပ်ကွက်တွင် တပ်ဆင်အသုံးပြုနေသည့် အင်ဂျင်စက်(ဒေသအခေါ် တရုတ်နီအင်ဂျင်)အပေါ်မူတည်ကာ သတ်မှတ်ကောက်ခံနေကြောင်း ၎င်းက ပြောသည်။
အင်ဂျင်တစ်လုံးထိုး(ပစ်စတင်)အသုံးပြုပါက တစ်လကိုကျပ်တစ်သိန်း၊ နှစ်လုံးထိုးဆိုက ကျပ်နှစ်သိန်း၊ လေးလုံးထိုးအင်ဂျင်စက်ဆိုပါက ကျပ်လေးသိန်းကောက်ခံနေခြင်းဖြစ်သည်။
အဆိုပါနှုန်းထားမှာ NUG ၏ သယံဇာတဝန်ကြီးဌာနက သတ်မှတ်ထားသည့် နှုန်းဖြစ်ကြောင်း ဗိုလ်ပီတာက ရှင်းပြသည်။
ထားဝယ်အရှေ့တောဒေသကဲ့သို့ တော်လှန်ရေးတပ်များ စိုးမိုးထားသည့် ဒေသအများစုတွင် သတ္တုတူးဖော်ရေးလုပ်ငန်းများမှာ ပွစာကြဲလာကြောင်း တိုင်းအတွင်းသဘာဝပတ်ဝန်းကျင် စောင့်ကြည့်လေ့လာသူအချို့က ဆိုသည်။
တော်လှန်ရေးတပ်များထိန်းချုပ်နယ်မြေအတွင်း ပရမ်းပတာလုပ်နေသည့် သတ္တုလုပ်ငန်းများကို ဖော်ထုတ်ပြီးထိန်းကျောင်းပါက အသက်အန္တရာယ်ရန်ရှာခံရနိုင်သည့် အခြေအနေကို ဒေသခံပြည်သူများက စိုးရိမ်မကင်း ရှိကြသည်။
မြိတ်မြို့ခံတစ်ဦးဖြစ်သည့် ၈၈ (ငြိမ်း/ပွင့်) ၏ သယံဇာတနှင့် သဘာပတ်ဝန်းကျင်ရေးရာတာဝန်ခံ ဦးပိုအင်ကမူ NUG နှင့် KNU တို့ ညှိနှိုင်းပြီး ရေရှည်ထုတ်ယူသုံးစွဲနိုင်သည့်အရင်းအမြစ်ဖြစ်စေရေး စီမံခန့်ခွဲရန်လိုအပ်ကြောင်း အကြံပြုသည်။
“ရေရှည်ထုတ်ယူသုံးစွဲပြီးတော့ ရေရှည်အကျိုးရှိမယ့်ဟာတွေမျိုး မလုပ်ဘူးဆိုရင် တော်လှန်ရေးအောင်မြင်ပြီးတဲ့နောက်မှာ ဘာလည်းစားဖို့မကျန်ဖြစ်သွားမယ်လေ”ဟု ဦးပိုအင်က ပြောသည်။
ထိုသို့ သတ္တုတူးဖော်နေခြင်းက ပြည်သူများ၏ ရေရှည်အကျိုးစီးပွားနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးနေသည့် အရေးကြီးကိစ္စရပ်ဖြစ်သည့်အတွက် တတ်နိုင်သမျှအမြန်ဆုံး ကိုင်တွယ်ထိန်းသိမ်းရန် လိုအပ်နေပြီဖြစ်ကြောင်း MAGGA Initiative အဖွဲ့တာဝန်ခံ မယ်ဆုက ပြောသည်။
MAGGA Initiative သည် တနင်္သာရီတိုင်းအတွင်း သယံဇာတထုတ်ယူမှုနှင့် ပတ်သက်ပြီး စောင့်ကြည့်ကာ အစီရင်ခံစာများ ထုတ်ပြန်နေသည့်အဖွဲ့ဖြစ်သည်။
ထိုသို့ထိန်းသိမ်းနိုင်ရေးအတွက် တိုင်းအတွင်းရှိ နိုင်ငံရေးအရ ဦးဆောင်ပြီး အဆုံးအဖြတ်ပေးနိုင်သူများ ဆွေးနွေးညှိနှိုင်းကာ ကြားကာလစီမံအုပ်ချုပ်မှုအစီအစဉ်ကို အမြန်ဆုံးအကောင်အထည်ဖော်သင့်ကြောင်း ၎င်းက အကြံပြုသည်။
“လူထုနဲ့ သဘာဝပတ်ဝန်းကျင်ကို အကောင်းထက် အဆိုးသက်ရောက်နိုင်တဲ့ ကိစ္စရပ်မှန်သမျှကို အရေးတယူ ကိုင်တွယ်ဖို့ လိုပါတယ်။ အထူးသဖြင့် ပြန်ပြီး ကုစားလို့ မရနိုင်တော့တဲ့ သဘာဝပတ်ဝန်းကျင်လိုမျိုး တူးဖော်ထုတ်ယူမှုမျိုးဆိုရင် သတိကြီးစွာနဲ့ ကိုင်တွယ် ဆောင်ရွက်ဖို့ လိုပါတယ်”ဟု မယ်ဆုက ပြောသည်။
ဉယျာဉ်ခြံအဖြစ်မှ သတ္တုလုပ်ကွက်အဖြစ် ပြောင်းလဲ
လက်ရှိသတ္တုတူးဖော်နေကြသည့် နေရာအားလုံးနီးပါးမှာ ဥယျာဉ်ခြံများအတွင်းလုပ်ကိုင်နေကြသည့်အတွက် ဒေသတွင်း ဥယျာဉ်ခြံမြေအရောင်းအဝယ်ပိုဖြစ်လာပြီး ဈေးလည်း အဆပေါင်းများစွာ ထိုးတက်သွားသည်။
ဘုတ်ပြင်းမြို့နယ်အတွင်း ကွမ်းသီးခြံ ၆ ဧကကို ကျပ်သိန်းနှစ်ထောင်ဖြင့်ဝယ်ပြီး ခဲသတ္တုတူးနေသည့် ကိုမောင်တူးကဲ့သို့ပင် လုပ်ငန်းရှင်များက ဈေးပိုပေးကာ အလုအယက်ဝယ်နေကြခြင်းဖြစ်သည်။
ထိုအခြေအနေတွင် ဥယျာဉ်ခြံရှင်အချို့က ခဲထွက်သည်ဆိုသည့် သက်သေပြချက်ရရန် အကြံအဖန်လုပ်လာကြကြောင်း ကံပေါက်ဒေသက သတ္တုစောင့်ကြည့်ရေးအဖွဲ့ဝင်ဖြစ်ခဲ့သူ ကိုအောင်ပန်းက ဆိုသည်။
“အချို့ခြံရှင်တွေဆိုရင် သူ့ခြံမှာ ခဲထွက်တယ်ဆိုပြီးလုပ်ငန်းရှင်ကို ပြချင်လို့ ခဲ ဆယ်ပိဿာ၊ တစ်ဆယ့်ငါး ပိဿာလောက် ဝယ်ပြီးတော့ သူ့ခြံမှာ ဖြူးလိုက်တယ်။လုပ်ငန်းရှင်က ခဲလာစမ်းတယ်ဆိုရင် သူ့ခြံမှာ ခဲထွက်ပါတယ်ဆိုပြီး ဂျင်းထည့်တာတွေ ရှိတယ်”ဟု ကိုအောင်ပန်းက ပြောသည်။
ဘုတ်ပြင်းမြို့နယ်နှင့် ထားဝယ်အရှေ့တောဘက်တွင်လည်း ခဲထွက်သည့်ဥယျာဉ်ခြံများ ဈေးကောင်းနေပြီး ခဲလုပ်ငန်းရှင်များက အပြိုင်အဆိုင် ဝယ်ယူနေကြသည်။
ဉယျာဉ်ခြံစိုက်ပျိုးပါက ရလာသည့်အကျိုးအမြတ်နှင့် ခဲသတ္တုတူးဖော်ချိန်ရသည့် အကျိုးအမြတ်က ကွာဟမှုရှိသည့်အတွက် ဥယျာဉ်ခြံပိုင်ရှင်အချို့ကလည်း ခဲသတ္တုတူးသည့်လုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်လာကြသည်။
“ဘယ်လောက်ကွာလည်းဆိုတော့ သိန်းရာချီ၊ ထောင်ချီ ကွာတယ်လေ။ ယှဉ်လို့တောင်မရဘူး”ဟု ကိုမောင်တူးက ပြောသည်။
အထူးသဖြင့် ဘုတ်ပြင်းမြို့နယ်အတွင်းရှိ ခဲချောင်းရွာဝန်းကျင်နှင့် ရတနာပုံသတ္တုမိုင်းဝန်းကျင်ရှိ ဥယျာဉ်ခြံများတွင် သီးပင်စားပင်မစိုက်ကြတော့ဘဲ ဝင်ငွေရလမ်းကောင်းသည့် ခဲသတ္တုကိုသာ တူးဖော်ကြတော့သည်။
ဘုတ်ပြင်းဒေသအတွင်းခဲလာတူးသည့်လုပ်ငန်းရှင်များနှင့် အလုပ်သမားအများစုက ကချင်ပြည်နယ်ဘက်ကလာသူများရှိသလို မြိတ်ဒေသခံများလည်း ပါဝင်သည်ကို တွေ့ရကြောင်း ဒေသခံများက ဆိုသည်။
ခဲဈေးကွက်လားရာ
တနင်္သာရီတိုင်းက ထွက်သည့် ခဲသတ္တုအားလုံးနီးပါး၏ ဦးတည်ရာက ထိုင်းနိုင်ငံပင်ဖြစ်သည်။
ထိုသို့ တင်ပို့ရာတွင် နယ်စပ်လမ်းကြောင်းကို အဓိကအားထားအသုံးပြုကြကြောင်း Dawei Watch ၏ သတင်းအရင်းအမြစ် လေးဦးက အတည်ပြုသည်။
ထိုင်းနယ်စပ်သို့ တင်ပို့ရာတွင် ကုန်းလမ်းကို အသုံးပြုကြသလို ကော့သောင်းနဲ့ ကပ်နေသည့် ရနောင်းမြို့သို့ ရေလမ်းမှ တင်ပို့မှုများလည်း ရှိနေသည်။
ထားဝယ်ခရိုင်ရှိ ထီးခီးအပါအဝင် နယ်စပ်လမ်းများ ၊ တနင်္သာရီမြို့နယ်ရှိ မောတောင်ဒေသနှင့် ကော့သောင်းနယ်စပ်တစ်လျှောက်မှ နည်းလမ်းမျိုးစုံဖြင့် တင်ပို့ရောင်းချနေကြခြင်းဖြစ်သည်။
မြေပြင်ဈေးကွက်တွင် ခဲသတ္တုအရည်အသွေးအပေါ်မူတည်ကာ တစ်ပိဿာလျှင် တစ်သိန်းနှစ်သောင်းကျပ်မှ တစ်သိန်းခွဲကျပ်အထိ ပေါက်ဈေးရှိသည်။
ပွစာကြဲ သတ္တုလုပ်ကွက်ကို ထိန်းချုပ်ခြင်း
စစ်အာဏာရှင်စနစ်ကို တော်လှန်နေဆဲကာလဖြစ်သည့်အတွက် တော်လှန်ရေးကိုသာ အဓိကထား အာရုံစိုက်သင့်ပြီး သဘာဝပတ်ဝန်းကျင်အရေးကို နောက်မှလုပ်သင့်ကြောင်း ထင်မြင်ယူဆသူအချို့လည်း ရှိနေသည်။
MAGGA Initiative အဖွဲ့တာဝန်ခံ မယ်ဆုကမူ ယင်းကဲ့သို့ ထင်မြင်ယူဆချက်ကို လက်မခံကြောင်း ပြောဆိုသည်။
တော်လှန်ရေးကာလဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင်ပျက်စီးနေခြင်းကို အလေးမထားဘဲဆက်လုပ်နေပါက ပြန်လည်ကုစားချိန် ပေးဆပ်ရမှုများနိုင်ကြောင်း မယ်ဆုက ပြောသည်။
“သဘာဝပတ်ဝန်းကျင်ပျက်စီးမှုကို အလေးမထားဘဲ ဆက်လုပ်ရင်တော့ နောင်မျိုးဆက်အတွက်ကတော့ ကောင်းမွေတွေမဟုတ်ပဲ အကျိုးဆက်ဖြစ်တဲ့ ဆိုးမွေတွေကိုသာ ချန်ထားခဲ့နိုင်ပါလိမ့်မယ်”ဟု ၎င်းက ဆိုသည်။
လက်ရှိတွင်ပင် ပရမ်းပတာသတ္တုတူးဖော်မှုများကြောင့် တနင်္သာရီတိုင်းအတွင်းရှိ ဥယျာဉ်ခြံများ ပျက်စီးခြင်း၊ မြေဆီလွှာ ပျက်စီးခြင်း၊ မြစ်ချောင်းနေ ရေသတ္တဝါများ သေကြပျက်စီးခြင်းများဖြစ်နေကြောင်း သတင်းအရင်းအမြစ်များက ပြောသည်။
တနင်္သာရီတိုင်းအတွင်း သတ္တုတူးဖော်မှုများနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကို Dawei Watch က ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းထားသော်လည်း လက်ရှိအချိန်အထိ ပြန်လည်ဖြေဆိုခြင်း မရှိသေးပေ။
မြိတ်မြို့ခံတစ်ဦးဖြစ်သည့် ၈၈ (ငြိမ်း/ပွင့်) ၏ သယံဇာတနှင့် သဘာပတ်ဝန်းကျင်ရေးရာတာဝန်ခံ ဦးပိုအင်ကလည်း အာဏာသိမ်းပြီးနောက်ပိုင်း သတ္တုတူးဖော်မှုများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်လာချိန်တွင် အချိန်မီထိန်းသိမ်းနိုင်ရန်လိုအပ်ကြောင်း တိုက်တွန်း ပြောဆိုသည်။
တော်လှန်ရေးတပ်များအနေဖြင့် နယ်မြေတစ်ခုကို စိုးမိုးထားချိန် သယံဇာတရေရှည်ထုတ်ယူနိုင်မည့် စီမံခန့်ခွဲမှုစနစ် အလေ့အကျင့်ဖြစ်နေစေရန် ပြည်သူများ နားလည်သဘောပေါက်စေရန် အသိပညာပေးသင့်ကြောင်း ၎င်းက အကြံပြုသည်။
တော်လှန်ရေးကာလဖြစ်သည့်အတွက် သဘာဝပတ်ဝန်းကျင်အရေး လစ်လျူရှုထားပါက ရေရှည်တွင် ထိခိုက်မှုပိုများနိုင်ပြီး ကုစားရန် ခက်ခဲနိုင်ကြောင်း ဦးပိုအင်က ဆိုသည်။
“ပုံပြင်ထဲက ကုဋေရှစ်ဆယ်သူဌေးသားထက် ဘဝပျက်မယ့်အနေအထားမျိုးရှိတယ်လို့ ပြောချင်တယ်ဗျား”