မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာတွင် ယနေ့ ဖေဖော်ဝါရီလ ၃ ရက် နံနက်ပိုင်းက စစ်အာဏာရှင် ခမရ ၅၉၁ တပ်ကို ဒေသတွင်းလှုပ်ရှားနေသည့် ရေးပြောက်ကျားတပ် YGF က တိုက်ခိုက်ရာမှ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ကျောင်းရွာကျေးရွာရှိ စစ်အာဏာရှင်တပ် ခမရ ၅၉၁ တပ်ရင်းကို ရေးပြောက်ကျားတပ် YGF တပ်ဖွဲ့က ယနေ့ နံနက် ၅ နာရီ ခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာမှ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု နာရီဝက်ခန့် ဖြစ်ပွားခဲ့ကြောင်း ၎င်းတို့က ပြောသည်။
လက်နက်ကြီးကျည်အချို့ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ထိခိုက်ပျက်စီးခဲ့ကာ လူထိခိုက်မှု မရှိကြောင်း ဒေသခံများက ဆိုသည်။
“လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော ကြားရတယ်။ သေနတ်သံတွေ နာရီဝက်လောက်ရှိမယ် ကြားရတယ်။ ရွာထဲမှာဖြစ်ကြတာ မဟုတ်ပေမယ့် လက်နက်ကြီးတွေနဲ့ (ထပ်ပြီး) လှမ်းပစ်မှာ စိုးရိမ်ရတယ်” ဟု ကျောင်းရွာဒေသခံတစ်ဦးက ပြောသည်။
နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်အာဏာရှင်တပ်ဘက်က ရေး-ကျောင်းရွာလမ်းပိုင်းကို ဖြတ်သန်းခွင့် ပိတ်လိုက်သည့်အပြင် စစ်ဆေးမှုလည်း တင်းကျပ်ထားကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်အာဏာရှင်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောဆိုနေသော်လည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ကျောင်းရွာကျေးရွာ အခြေစိုက် ခမရ ၅၉၁ တပ်ရင်းကို ရေးမြို့နယ်အတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တို့က မကြာခဏ ဝင်ရောက်တိုက်ခိုက်လေ့ရှိပြီး ယင်းသို့ တိုက်ခိုက်ခံရချိန်တိုင်းတွင် စစ်အာဏာရှင်တပ်ဘက်က ရွာထဲကို လက်နက်ကြီးဖြင့် ပစ်ခတ်လေ့ရှိကြောင်း ဒေသခံများက ပြောဆိုသည်။







