ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်း ဟွာဟင်မြို့တွင် တနင်္သာရီဒေသခံ လူငယ်တစ်ဦး ဓားထိုးခံရပြီး သေဆုံး

December 31, 2025

ပုံစာ - ကိုသူရပိုင် ။

ထိုင်းနိုင်ငံ ၊ ဟွာဟင်မြို့တွင် ဒီဇင်ဘာလ ၃၀ ရက်ညက တနင်္သာရီဒေသခံ လူငယ်တစ်ဦး လည်ပင်းတွင် ဓားထိုးခံရ၍သေဆုံးကြောင်း ဟွာဟင်ရောက်မြန်မာအသိုင်းအဝိုင်းထံမှသိရသည် ။

သေဆုံးသူသည် လွန်ခဲ့သည့် တစ်နှစ်ခန့်က ထိုင်းနိုင်ငံရောက်လာပြီး သစ်သီးအရောင်း ဆိုင်တစ်ဆိုင်တွင် အလုပ်လုပ်သည့် အသက် ၁၈ နှစ်အရွယ် ကိုသူရပိုင် ဖြစ်ကြောင်း ကာယကံရှင် ၏ မိသားစုများကပြောသည် ။

ကိုသူရပိုင်သည် တနင်္သာရီမြို့နယ် ၊ ကျွဲထိန်းကွင်းရွာသားဖြစ်သည်။

ဟွာဟင်မြို့ ရှိ တံတားတစ်စင်းပေါ်တွင် ဝိုင်းဖွဲ့သောက်စားကာ သီချင်းဆိုနေသည့် ကိုသူရပိုင် အပါအဝင် မြန်မာလေးဦး နှင့် ၎င်းတို့ဝန်းကျင်တွင် ဝိုင်းဖွဲ့စားသောက်နေသည့် ထိုင်းလူငယ်အဖွဲ့တို့ စကားများရာမှ ဓားဖြင့်ထိုးခံရခြင်းဖြစ်ကြောင်း းကိုသူရပိုင် ၏ မိသားစုဝင်တစ်ဦး က ဆိုသည် ။

” ထိုင်းတွေနဲ့ တိုက်ရိုက်ရန်ဖြစ်တာတော့ မဟုတ်ဘူး။ ကိုယ့်ဟာကိုယ် စားသောက်ရင်း အသံနည်းနည်းကျယ်လို့ ပြောကြရင်း သူတို့(ထိုင်းလူငယ်အဖွဲ့)က ပါလာပြီး စကားများကြတာ ။ အဲဒီမှာ ရန်ဖြစ်သလိုဖြစ်တာပေါ့ ။ ဓားနဲ့ထိုးသွားမှန်းတောင် လမ်းရောက်မှ သိလို့ ဆေးရုံပို့ကြတာ ။ ဆေးရုံမှာ တစ်နာရီလောက်ပဲခံတယ် ” ဟု ၎င်းက ပြောဆိုသည် ။

လက်ရှိတွင် ကိုသူရပိုင် ဓားထိုးခံရ၍ သေဆုံးမှုအတွက် အမှုဖွင့်ထားပြီး ဓားဖြင့်ထိုးခဲ့သည်ဟု ယူဆရသည့် ထိုင်းလူငယ်အဖွဲ့မှာ ထွက်ပြေးနေဆဲ ဖြစ်ကြောင်း မိသားစုထံမှသိရသည် ။

” အခုက အမှုကဖွင့်ထားပြီး (ကိုသူရပိုင်)သူငယ်ချင်းနှစ်ယောက်ကိုတော့ သက်သေစစ်ပြီးပြီ ။ တစ်ယောက်က အမှုပတ်မှာကြောက်ပြီး လာစစ်မခံသေးတော့ ထိုင်းရဲက မြန်မာအချင်းချင်း ဖြစ်တဲ့ပုံစံလို့ ပြောဖို့လုပ်နေတယ် ။ အဲဒါကြောင့် အမှုမှန်ပေါ်ဖို့ ကျန်နေတဲ့တယောက်လည်း သက်သေလာထွက်ပေးစေချင်တယ် ” ဟု အထက်ပါမိသားစုဝင်က အမှုအခြေအနေအားပြောပြသည် ။

အမှုစစ်ဆေးနေဆဲ ဖြစ်သဖြင့် အလောင်းပြန်မထုတ်​ပေးသေးသော ကြောင့် စျာပနပြုလုပ်မည့် အစီအစဥ် ကို အတည်မပြုရသေးကြောင်း မိသားစုများထံမှသိရသည် ။