ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာနိုင်ငံသားများကို Rabbit Card ဖြင့် BTS ရထားစီးခွင့် စတင်ပိတ်ပင် ကန့်သတ်ခံနေရကြောင်း ဘန်ကောက်နေ မြန်မာနိုင်ငံသားများထံမှ သိရသည်။
Rabbit Card ဆိုသည်မှာ ကြိုတင်ငွေဖြည့်ကတ်ဖြစ်ပြီး BTS မိုးပျံရထားများ စီးရာတွင် လက်မှတ်ကောင်တာ၌ တန်းစီရန် မလိုအပ်ဘဲ အလိုအလျောက် ဝင်ရောက်စီးနင်းနိုင်သော ကတ်တစ်မျိုးဖြစ်သည်။
ယမန်နေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှစ၍ မြန်မာနိုင်ငံသားအချို့ သုံးစွဲနေသော Rabbit Card များကို စတင်ပိတ်ပင်ခဲ့ပြီး သုံးစွဲခွင့် မပြုတော့ကြောင်း ကတ်ပိတ်ခံရသော မြန်မာနိုင်ငံသားတစ်ဦးက ပြောသည်။
“Myanmar passport နဲ့ဖွင့်ထားတဲ့ ကတ်တွေကို ပိတ်လိုက်တာ။ မြန်မာနိုင်ငံကဖြစ်တာနဲ့ တကယ် ရာဇ၀တ်သားလိုပဲ သက်သက်ကြီး ဆက်ဆံခံလိုက်ရတယ်။ ဘာကြောင့် ပိတ်လဲဆိုတာတော့ မသိရဘူး” ဟု ကတ်သုံးစွဲခွင့် ပိတ်ခံလိုက်ရသူက ဆိုသည်။
Rabbit Card ပိတ်သိမ်းခံရပြီးနောက် ကတ်ထဲ ကြိုတင်ငွေဖြည့်ထားသော ဘတ်တစ်ထောင်ကိုလည်း ချက်ချင်း ပြန်မထုတ်ပေးသေးဘဲ ရုံးချုပ်သို့ ဆက်သွယ်ပြီးမှသာ ပြန်ထုတ်ပေးမည်ဟု ငွေဖြည့်ကောင်တာ ဝန်ထမ်းက ပြောဆိုခဲ့ကြောင်း ၎င်းက ပြောသည်။
Rabbit Card ထုတ်ပေးသော ကုမ္ပဏီက ထုတ်ထားသော ညွှန်ကြားချက်တွင် မြန်မာ၊ အီရန်နှင့် မြောက်ကိုးရီးယားနိုင်ငံများကို အန္တရာယ်ရှိနိုင်ငံများအဖြစ် သတ်မှတ်ထားသဖြင့် ယင်းနိုင်ငံသားများကို ကတ်သုံးစွဲခွင့် ပိတ်သိမ်းထားကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံသား နိုင်ငံကူးလက်မှတ်ဖြင့် ဖွင့်ထားသော Rabbit Card အချို့ စတင်သုံးစွဲခွင့် ပိတ်ပင်ခံနေရပြီး ကတ်ကို ပြန်ဖွင့်ခွင့် မရရှိသေးကြောင်း၊ ပုံမှန်ရထားစီးကတ်များဖြင့်သာ တန်းစီ၍ စီးနင်းနိုင်မည်ဖြစ်ကြောင်း ဘန်ကောက်နေ မြန်မာနိုင်ငံသားများထံမှ သိရသည်။







