ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး ပထုံဌာနီခရိုင်တွင် နှစ်သစ်ကူး ဘုရားဖူးလာသူများ စီးလာသော ကားတစ်စီး မြောင်းထဲထိုးကျမှုကြောင့် ကားပေါ်ပါ မြန်မာနိုင်ငံသားခြောက်ဦး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၁၀ နာရီခန့်က ထန်ရာဘူရီဒေသ ရန်စစ်-နခွန်နယွတ်လမ်းမကြီးတွင် ကားတစ်စီးသည် လမ်းဘေးအတားအဆီးနှင့် သစ်ပင်ကို တိုက်ပြီးနောက် မြောင်းထဲ ထိုးဆင်းကြောင်း ဆိုသည်။
ကားကို မြန်မာနိုင်ငံသား ကားသမားက မောင်းလာပြီး ကားသမားအပါအဝင် မြန်မာနိုင်ငံသား ၁၃ ဦး လိုက်ပါလာကာ အလှူနှင့် ငါးမျက်နှာဘုရားဖူးရန် ချွန်ဘူရီခရိုင်မှ လာကြခြင်းဖြစ်ကြောင်း ဖော်ပြသည်။
ကားမတော်တဆမှုကြောင့် ကားသမားအပါအဝင် မြန်မာနိုင်ငံသားခြောက်ဦး သေဆုံးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။
လက်ရှိတွင် သေဆုံးသူ သုံးဦး၏ ရုပ်အလောင်းကို ဆယ်ယူရရှိထားပြီး နောက်ထပ် သုံးဦးကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်ကြောင်း ဖော်ပြသည်။
ကားပေါ်လိုက်ပါလာသော မြန်မာနိုင်ငံသား ခုနစ်ဦးကို ဒေသခံများက ကယ်တင်နိုင်ခဲ့ပြီး ဒဏ်ရာရရှိသူ နှစ်ဦးကို လမ်လုကာဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း ဆိုသည်။
ကားသမားသည် လမ်းကြောင်းကျွမ်းကျင်မှု မရှိဘဲ လမ်းဖြောင့်အတိုင်း အရှိန်မြှင့် မောင်းလာပြီး လမ်းကွေ့အရောက်တွင် ဘရိတ်နင်းမမီတော့ဘဲ လမ်းဘေးအတားအဆီးများကို တိုက်၍ မြောင်းထဲ ထိုးဆင်းခဲ့ခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကနဦး သုံးသပ်ထားသည်။
လက်ရှိတွင် ရဲတပ်ဖွဲ့က ပျောက်ဆုံးနေသော သုံးဦး၏ အလောင်းကို ဆက်လက်ရှာဖွေနေဆဲဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။
Ref: Khaosod English, Thai PBS







