BREAKING
October 31, 2025

ကော့စမွေတွင် မြန်မာ ဆံသဆရာကို ရဲအရာရှိက ဆံပင်ညှပ်သူအသွင်ယူပြီး ဖမ်းဆီး

October 31, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်၊ ကော့စမွေကျွန်းတွင် ဆံပင်ညှပ်နေသော မြန်မာဆံသဆရာတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

အောက်တိုဘာလ ၃၀ ရက်က ကော့စမွေကျွန်း ဘိုဖွတ်ဒေသရှိ ဆံပင်ညှပ်ဆိုင်ကို ရဲတပ်ဖွဲ့က ဆံပင်ညှပ်လိုသူအဖြစ် အသွင်ယူပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသူသည် အသက် ၂၁ နှစ်အရွယ် ကိုအောင်ဇော်ထွန်းဖြစ်ပြီး ထိုင်းနိုင်ငံသားပိုင် ဆံပင်ညှပ်ဆိုင်တွင် ဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်နေသည်မှာ နှစ်လသာရှိသေးကြောင်း ဆိုသည်။

ဆိုင်တွင် မြန်မာနှင့် ထိုင်းနိုင်ငံသားများသာမက နိုင်ငံခြားသားများလည်း လာရောက်ဆံပင်ညှပ်လေ့ရှိပြီး တစ်ဦးလျှင် ဘတ် ၂၀၀ မှ ၃၀၀ အထိ ရရှိကြောင်း မြန်မာနိုင်ငံသားက ထွက်ဆိုသည်ဟု ဖော်ပြသည်။

ရဲအရာရှိက အသွင်ယူ၍ ဆံပင်လာညှပ်ခြင်းဖြစ်ပြီး ဆံပင်ညှပ်ပြီးမှသာ အခြားလဝကအရာရှိများဖြင့် ကိုအောင်ဇော်ထွန်းကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ကိုအောင်ဇော်ထွန်းကို နိုင်ငံခြားသားများ လုပ်ပိုင်ခွင့်မရှိသော တားမြစ်အလုပ်ကို ဝင်ရောက်လုပ်ကိုင်မှုဖြင့် အမှုဖွင့်ထားပြီး ဘိုဖွတ်ရဲစခန်းသို့ ပို့ဆောင်ထားပြီး ဆိုင်ပိုင်ရှင်ကိုလည်း အရေးယူမည်ဖြစ်ကြောင်း ဖော်ပြသည်။

ထိုင်းနိုင်ငံတွင် မြန်မာအပါအဝင် နိုင်ငံခြားသားများသည် ကုန်စည်ပို့ဆောင်ရေး၊ အလှပြင်၊ အနှိပ်သည်၊ ဆံပင်ညှပ်၊ ဧည့်လမ်းညွှန်စသော တားမြစ်အလုပ်များတွင် လုပ်ပိုင်ခွင့်မရှိကြောင်း အလုပ်သမားဝန်ကြီးဌာနက သတိပေးထားသည်။

စစ်ဆေးတွေ့ရှိပါက ဒဏ်ငွေ ဘတ် ၅၀၀၀ မှ ၅၀၀၀၀ အထိ ချမှတ်ခံရနိုင်ပြီး နေရပ်ပြန်ပို့ခံမည်ဖြစ်ကာ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့် ၂ နှစ်ပိတ်သိမ်းခံရမည်ဖြစ်သည်။

Ref: Thairath, MGR Online