ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသတွင် ထားဝယ်ဒေသခံ ကလေးနှစ်ဦး ပျောက်ဆုံးနေပြီး တွေ့ရှိပါက အကြောင်းကြားပေးကြပါရန် မိခင်ဖြစ်သူက ပြောသည်။
ပျောက်ဆုံးနေသော ကလေးနှစ်ဦးမှာ အသက် ၁၃ နှစ်အရွယ် မပန်းအိနှင့် အသက် ၈ နှစ်အရွယ် မဖြိုးဖြိုးတို့ဖြစ်ပြီး ဇူလိုင်လ ၃၀ ရက် နေ့လယ်ပိုင်းတွင် နေထိုင်ရာအခန်းမှ ပျောက်ဆုံးသွားကြောင်း မိခင်ဖြစ်သူက ဆိုသည်။
မပန်းအိတွင် အနက်ရောင် စပို့ရှပ်အင်္ကျီနှင့် ဘောင်းဘီအဖြူအစင်းကြားကို ဝတ်ဆင်ထားပြီး မဖြိုးဖြိုးတွင် ပန်းရောင်အင်္ကျီနှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားကြောင်း ၎င်းက ပြောဆိုသည်။
၎င်းတို့နှစ်ဦးသည် မိခင်ဖြစ်သူ ဒေါ်ခင်အေးနှင့်အတူ မဟာချိုင်ဒေသ အီချီရာ ဖတ်ထနာစက်ရုံအနီး အခန်းတွင် အတူနေထိုင် နေသည်မှာ ခြောက်လခန့်ရှိပြီဖြစ်ကြောင်း မိသားစုထံမှ သိရသည်။
မိခင်ဖြစ်သူက အလုပ်သွားနေချိန်တွင် ၎င်းတို့နှစ်ဦးသည် အခန်းထဲတွင် အတူနေထိုင်လေ့ရှိကြောင်း မိခင်ဖြစ်သူက ပြောသည်။
ယမန်နေ့ ဇူလိုင်လ ၃၀ ရက် ည ၇ နာရီတွင် မိခင်ဖြစ်သူက အလုပ်မှအပြန် အခန်းသို့ ပြန်ရောက်သောအချိန်တွင် အခန်းထဲ၌ သမီးဖြစ်သူ နှစ်ဦးစလုံး မရှိတော့ဘဲ ပျောက်ဆုံးနေကြောင်း ဒေါ်ခင်အေးက ဆိုသည်။
“ကျွန်မ ညဘက်ကြီး လိုက်မေးတော့ နေ့လယ်လောက်က လမ်းမှာ သွားနေတာ တွေ့ရတယ်တဲ့။ ကျွန်မအကုန်လုံးကို အကူအညီလိုက်တောင်းပြီး ရှာနေပေမယ့်လည်း ဒီနေ့ (ဇူလိုင် ၃၁) အထိ မတွေ့သေးဘူး။ လမ်းတွေမှာများ တွေ့ရရင် အကြောင်းကြားပေးကြပါဦးရှင်။ သမီးတွေနှစ်ယောက်က ကလေးပဲ ရှိနေသေးတယ်” ဟု ၎င်းက ပြောဆိုသည်။
ယနေ့ ဇူလိုင်လ ၃၁ ရက် ညနေ ၄ နာရီအထိ သမီးဖြစ်သူနှစ်ဦးကို မတွေ့ရသေးသဖြင့် စိတ်ပူနေကြောင်း ဒေါ်ခင်အေးက ဆက်လက်ပြောဆိုသည်။
လက်ရှိတွင် ကလေးငယ်နှစ်ဦး ပျောက်ဆုံးနေမှုကို နီးစပ်ရာရဲစခန်းသို့ လူပျောက်တိုင်ကြားထားပြီးဖြစ်ကြောင်း မိသားစုထံမှ သိရသည်။
ကလေးငယ်နှစ်ဦးကို တွေ့ရှိပါက ထိုင်းဖုန်းနံပါတ် 0661472369 သို့ ဖုန်းဆက်အကြောင်းကြားပေးကြရန် မိသားစုက မေတ္တာရပ်ခံထားသည်။
ကလေးငယ်ကို မတွေ့ရှိဘဲ နောက်ပြောင်သည့်ပုံစံဖြင့် ဖော်ပြပါ ဖုန်းနံပါတ်သို့ ဖုန်းဆက်ခြင်းများ မပြုလုပ်ကြရန်လည်း မိခင်ဖြစ်သူက တိုက်တွန်းထားသည်။
ကလေးငယ်နှစ်ဦးနှင့် မိခင်ဖြစ်သူတို့သည် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဝဇွမ်းတောရွာ ဇာတိဖြစ်ကြောင်း သိရသည်။