BREAKING
June 1, 2025

မဟာချိုင်တွင် မြန်မာလုပ်သားတစ်ဦး ရထားတိုက်ခံရပြီး သေဆုံး

May 31, 2025

ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် ရထားလာနေစဉ် ရထားလမ်းကို ဖြတ်ကူးသော ကားပေါ်မှ မြန်မာနိုင်ငံသားများ ခုန်ချထွက်ပြေးခဲ့ရာ မြန်မာနိုင်ငံသားတစ်ဦး ရထားနှင့်တိုက်မိ၍ သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ယနေ့ မေလ ၃၁ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် မြန်မာအလုပ်သမား ခြောက်ဦးလိုက်ပါလာသော ကားတစ်စီးသည် ရထားလမ်းအနီးကို ဖြတ်မောင်းလာခဲ့ခြင်းဖြစ်သည်။

ကားလာသောအချိန်သည် ဘန်ကောက်-မဟာချိုင်ပြေးဆွဲနေသော ရထားလာနေသည့်အချိန်ဖြစ်ပြီး ကားကလည်း မရပ်ပဲ ရထားလမ်းကို ဖြတ်မောင်းခဲ့သည်ကို ဗီဒီယိုမှတ်တမ်းအရ သိရသည်။

ကားက မရပ်ပေးပဲ ရထားလာနေသည့်အချိန် ဖြတ်မောင်းခဲ့သဖြင့် မြန်မာအလုပ်သမားများက ထိတ်လန့်၍ ကားပေါ်မှ ဘေးလွတ်ရာ ခုန်ချခဲ့ကြစဉ် ၅ ဦး လွတ်မြောက်ခဲ့သည်။

ယင်းအချိန် အသက် ၂၈ နှစ်အရွယ် မဖြူဖြူသည် ကားပေါ်မှ ခုန်ချချိန်တွင် ရထားလမ်းပေါ်ကျပြီး ရထားတိုက်မိကာ သေဆုံးသွားကြောင်း သတင်းတွင် ဖော်ပြထားသည်။

သေဆုံးသွားသော ရုပ်အလောင်းကို မိနစ် ၃၀ ကျော်အကြာတွင် စမွတ်စခွန်ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

လက်ရှိတွင် ကားမောင်းသမား၏ အချက်အလက်များကို သတင်းတွင် ဖော်ပြထားခြင်းမရှိသေးသဖြင့် မသိရသေးပေ။

ရထားတိုက်ခံရမှုကြောင့် ရထားအချိန် ၃၅ မိနစ်ခန့် နှောင့်နှေးခဲ့ပြီး နောက်ပိုင်း ရထားများပါ အချိန် နှောင့်နှေးသွားခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။

Ref : စမွတ်စခွန် လူမှုကူညီရေး၊ Mahachai News