ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

မွန်တွင် စိုက်ပျိုးရေးသမားများ ရေတင်စက်ဖြင့် ဆီတန်းစီနေရ

March 31, 2026

ပုံစာ - ပေါင်မြို့တွင် စိုက်ပျိုးရေးသမားများ စက်နှင့်အတူ ဆီတန်းစီနေကြသည်ကို မတ်လ ၃၀ ရက်နေ့က တွေ့ရစဉ်။ ဓာတ်ပုံ - paung daily

မွန်ပြည်နယ်အတွင်း စက်သုံးဆီ ဝယ်မရသည့် အခက်အခဲကြောင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူများ ရေတင်စက်များဖြင့် ဆီတန်းစီဝယ်ယူနေရကြောင်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများက ပြောသည်။

စက်သုံးဆီကို စုံ၊ မ စနစ်ဖြင့်သာ ဝယ်ယူရမည့်အပြင် ပုံး၊ ပီပါဖြင့် လုံးဝ ရောင်းချခြင်း မပြုလုပ်ရန် စစ်ကော်မရှင် ကန့်သတ်လိုက်ပြီးနောက် စိုက်ပျိုးရေးသမားများအတွက် စက်သုံးဆီဝယ်ယူရရှိရေး အခက်အခဲကြုံတွေ့ နေရသည်။

စိုက်ပျိုးရေးသမားများအတွက် မြို့နယ်အုပ်ချုပ်ရေးရုံး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံစာဖြင့် ဆီဝယ်ယူ ရရှိနိုင်သော်လည်း အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေသည့်အတွက် လုံလောက်မှု မရှိကြောင်း စိုက်ပျိုးရေးလုပ်ကိုင်နေသူများက ဆိုသည်။

ဆီရရှိရန် စိုက်ပျိုးရေးသမားအများစုက ပြင်ပမှောင်ခိုစျေးကွက်တွင် စျေးကြီးပေးပြီး ဝယ်ယူအသုံးပြုနေကြရကြောင်း ၎င်းတို့က ပြောဆိုသည်။

လက်ရှိတွင် ပြင်ပစျေးကွက်၌ စက်သုံးဆီ တစ်လီတာလျှင် ကျပ် နှစ်သောင်းနီးပါးအထိ ‌မြင့်တက်နေသည့်အတွက် မတတ်နိုင်သည့်အခြေအနေ ဖြစ်နေကြောင်း ၎င်းဆို့က ဆိုသည်။

လက်ရှိတွင် စက်သုံးဆီအရောင်းဆိုင်များက စိုက်ပျိုးရေးသမားများကို စက်နှင့်တကွ တန်းစီခိုင်းပြီး စက်တစ်လုံးလျှင် ဓာတ်ဆီ ကျပ်တစ်သောင်းဖိုးနှုန်းဖြင့် တစ်ပတ်လျှင် တစ်ကြိမ် ခွဲတမ်းချရောင်းချပေးနေကြောင်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

“ဆီရဖို့ အခုက စက်နဲ့ သွားတန်းစီရတယ်။ တစ်သောင်းဖိုးက အခုဆီစျေးနဲ့က ဘယ်လောက်မှမရဘူး။ ဒါပေမဲ့လည်း ရသလောက်တော့ ယူရတာပေါ့။ တန်းစီရတာ တစ်ဒုက္ခ၊ စက်ကြီးသယ်သွား သယ်လာရတာ တစ်ဒုက္ခ၊ တော်တော်ကို ဒုက္ခရောက်ရပါတယ်” ဟု ပေါင်မြို့နယ်က သီးနှံစိုက်တောင်သူတစ်ဦးက ပြောသည်။

စက်သုံးဆီ အခက်အခဲကြောင့် စိုက်ခင်းထဲ ရေမတင်နိုင်သည့်အတွက် စိုက်ခင်းအချို့ ခြောက်သွေ့ပြီး ပျက်စီးမှုရှိလာသည့်အပြင် နွေစပါးများလည်း အချိန်မီ ရိတ်သိမ်းရန် အခက်အခဲ ကြုံတွေ့နေရသည်။

မွန်ပြည်နယ်အတွင်း ဆီအရောင်းဆိုင်များ ဆီပြတ်လပ်ခြင်းကြောင့် စက်သုံးဆီကို လိုသလောက် ဝယ်မရခြင်း၊ နာရီပေါင်းများစွာ တန်းစီဝယ်ယူရခြင်း၊ စျေးကြီးမြင့်ခြင်း စသည်တို့ကို ကြုံနေရသည်မှာ တစ်လနီးပါး ရှိလာပြီဖြစ်သည်။

လက်ရှိတွင် မွန်ပြည်နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဓာတ်ဆီတစ်လီတာ ကျပ် ၃၇၆၅ ကျပ်မှ ၄၈၂၅ အထိရှိနေပြီး ဒီဇယ်ဆီ တစ်လီတာလျှင် ကျပ် ၅၀၃၀ မှ ၆၄၂၀ အထိ ဈေးရှိနေသည်။

ပြင်ပ‌မှောင်ခိုစျေးကွက်တွင်မူ စက်သုံးဆီ‌ တစ်လီတာလျှင် ကျပ် နှစ်သောင်းနီးပါးအထိ ရောင်းဝယ်နေကြသည်။