ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

လောင်းလုံးတွင် စစ်အာဏာရှင်တပ်က ကလေးငယ်များကိုပါ ဖမ်းဆီးခေါ်ဆောင်သွား

January 31, 2026

လောင်းလုံးမြို့နယ်၊ ညင်းမော်ကျေးရွာဘက်သို့ ဦးတည်စစ်ကြောင်းထိုးနေသည့် စစ်အာဏာရှင်တပ်က ကလေးငယ်များကိုပါ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်အာဏာရှင်တပ်သည် ညင်းမော်ကျေးရွာသို့ ဇန်နဝါရီလ ၂၉ ရက်တွင် စစ်ကြောင်းထိုးလာသဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ယင်းနေ့တွင် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ရွာအနောက်ဘက်ရှိ ဥယျာဉ်ခြံများ၊ ဆီအုန်းတောများဘက်သို့ ဝင်ရောက်သွားခဲ့ပြီး ဥယျာဉ်ခြံထဲတွင် တွေ့ရှိသူအားလုံးကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ဖမ်းဆီးခံရသူ ဆယ်ဂဏန်းခန့် ရှိနိုင်ပြီး ယင်းတို့အထဲတွင် အသက် ၆ နှစ်၊ ၉ နှစ်၊ ၁၀ နှစ် အစရှိသည့် ကလေးငယ်များလည်းပါဝင်ပြီး အားလုံးကို စစ်ကြောင်းနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ၎င်းတို့ကဆိုသည်။

“အသက် ၆ နှစ်လောက်ပဲ ရှိသေးတဲ့ မိန်းကလေးတစ်ယောက်ဆိုရင် သူ့မိဘတွေမပါဘဲနဲ့ ပါသွားတယ်။ သူတို့ခြံအနားက ရော်ဘာခြံမှာ သွားကစားနေတဲ့အချိန် စစ်တပ်တွေ ရောက်လာပြီး ဖမ်းသွားတာ။ သူ့မိဘတွေကတော့ မမြင်ဘဲ လွတ်ကျန်ခဲ့တယ်။ သူ့အမေဆို သူ့သမီးစိတ်နဲ့ အိပ်မပျော်၊ စားမဝင် ဖြစ်နေတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

အဆိုပါ စစ်ကြောင်းသည် ‌ညင်းမော်ရွာအနောက်ဘက် ဥယျာဉ်ခြံတစ်ကြောနှင့် ဂေါ့အင်းရွာအနီးရှိ ကြယ်တောင်ဝန်းကျင် တောထဲတွင် တပ်ဖျောက် သွားလာနေကြောင်း ဒေသခံတို့က ဆိုသည်။

တော်လှန်ရေးတပ်များဘက်မှ ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် ကလေးငယ်များနှင့် အရပ်သားများကို လွှတ်မပေးဘဲ လူသားဒိုင်းအဖြစ် ဖမ်းဆီးထားခြင်း ဖြစ်နိုင်ကြောင်း ဒေသခံတို့က ယူဆနေကြသည်။

ယင်းအတွက်ကြောင့် ညင်းမော်၊ စစ်ပြဲ၊ ဂေါ့အင်းကျေးရွာမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

စစ်အာဏာရှင်တပ်သည် ရွေးကောက်ပွဲအကြို နိုဝင်ဘာလအတွင်း ညင်းမော်ရွာတွင် တပ်လာစွဲထားပြီးကတည်းက အပြီးတိုင် ပြန်မဆုတ်တော့ဘဲ ယနေ့အချိန်အထိ ရွာထဲသို့ ထွက်ချည်၊ ဝင်ချည် ပြုလုပ်နေသည်မှာ သုံးလဝန်းကျင် ရှိနေပြီဖြစ်သည်။

ယင်းအတွက်ကြောင့် ညင်းမော်ဒေသခံများသည် နေအိမ်များသို့ ပြန်လည်မနေထိုင်ရဲဘဲ ယခုအချိန်အထိ တိမ်းရှောင်နေကြရဆဲ ဖြစ်သည်။