ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထိုင်းစက်ရုံတွင် မတော်တဆမှုကြောင့် လက်တစ်ဖက်ဆုံးရှုံးသော မြန်မာလုပ်သား တစ်နှစ်ကျော်ကြာအထိ နစ်နာကြေးမရ

December 30, 2025

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်ရှိ ဂက်အိုးစက်ရုံတွင် အလုပ်လုပ်ကိုင်နေစဉ် မတော်တဆမှုကြောင့် လက်တစ်ဖက် ဆုံးရှုံးခဲ့သော မြန်မာအလုပ်သမားတစ်ဦး တစ်နှစ်ကျော်ကြာသည်အထိ နစ်နာကြေး မရသေးကြောင်း ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့ထံမှ သိရသည်။

ကိုနေသူလင်းသည် ၂၀၂၄ ခုနှစ် စက်တင်ဘာလက ဂက်အိုးစက်ရုံတွင် သံပြားများကို စက်ကြီးဖြင့် ပုံသွင်းနေစဉ် ခြေထောက် မတော်တဆဖြစ်ပြီး ခလုတ်နှိပ်မိရာမှ ညာဘက်လက်ကို စက်နှင့် ဖိမိခဲ့သည်။

မတော်တဆမှုကြောင့် လက်ဖဝါးတစ်ခုလုံး ကြေမွသွားခဲ့ပြီး လက်ဖြတ်တောက်လိုက်ရကာ ပါနန်းဆေးရုံတွင် တစ်လကျော်ကြာ ဆေးကုသမှု ခံယူခဲ့ရကြောင်း မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) ထံမှ သိရသည်။

ကိုနေသူလင်း၏ ဆေးကုသမှု စရိတ်များကို စက်ရုံဘက်က ကျခံပေးခဲ့သလို လုပ်အားခ ၄၅ ရက်စာအတွက်လည်း လစာ တစ်ဝက်နှုန်းဖြင့် စက်ရုံက ထောက်ပံ့ပေးခဲ့ကြောင်း ဆိုသည်။

လက်တစ်ဖက် ဆုံးရှုံးလိုက်ရသဖြင့် လူမှုဖူလုံရေးရန်ပုံငွေ (ပကန်စံခွန်) အတိုင်း နစ်နာကြေး ရရှိရန် စက်ရုံဘက်က တာဝန်ယူ လုပ်ဆောင်ပေးမည်ဟု ကိုနေသူလင်းကို ပြောကြားခဲ့သော်လည်း တစ်နှစ်ကျော်ကြာ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်အထိ နစ်နာကြေး မရရှိသေးကြောင်း WAG အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။

ထို့ကြောင့် နစ်နာကြေးကိစ္စနှင့် ပတ်သက်၍ ကူညီဆောင်ရွက်ပေးရန် ကိုနေသူလင်းက WAG အဖွဲ့ထံ အကူအညီ တောင်းခံခဲ့ကြောင်း ၎င်းက ဆိုသည်။

“သူက ဆက်ပြီး ဆေးကုသမှုလည်း ခံယူရဦးမယ်။ နစ်နာကြေးကိစ္စကတော့ ဌာနဆိုင်ရာတွေဆီ တိုင်ကြားပြီးတော့ ဆက်လုပ်သွားရဦးမယ်ပေါ့နော်” ဟု ကိုမုန်တိုင်းက ပြောဆိုသည်။

ပကန်စံခွန်အရ ကိုနေသူလင်းသည် လက်ပြတ်သွားသည့်အတွက် နစ်နာကြေး ဘတ် ခြောက်သိန်း ဝန်းကျင် ရရှိနိုင်ကြောင်း ၎င်းက ခန့်မှန်းထားသည်။

နစ်နာကြေးကိစ္စအတွက် စာရွက်စာတမ်းများကို စုစည်းနေဆဲဖြစ်ပြီး သက်ဆိုင်ရာ ရုံးဖွင့်ရက်များတွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း WAG အဖွဲ့ထံမှ သိရသည်။

လက်ရှိတွင် ကိုနေသူလင်းသည် အဆိုပါစက်ရုံထဲတွင်ပင် သတ်မှတ်နေရာတစ်ခု၌ လုပ်ငန်းခွင်ဝင်နေဆဲဖြစ်ကြောင်း WAG အဖွဲ့ထံမှ သိရသည်။