ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရန်ကုန်မှ မွန်ပြည်နယ်သို့ ပြန်လာလိုသူများကို အခမဲ့ ပို့ဆောင်ပေးမည်

November 30, 2020

ရန်ကုန်မှ မွန်ပြည်နယ်သို့ ပြန်လာလိုသူများကို နိုဝင်ဘာ ၂၈ ရက်နေ့မှစပြီး အခမဲ့ ပို့ဆောင်ပေးသွားမည်ဖြစ်သည်။

ကိုဗစ်ကူးစက်ရောဂါကြောင့် ရန်ကုန်တွင် ပိတ်မိနေပြီး မွန်ပြည်နယ်သို့ ပြန်လာရန် အခက်အခဲကြုံတွေ့နေသူများကို ပြည်နယ်တာဝန်ရှိသူတို့နှင် ပြည်နယ် ကျန်းမာရေးဦးစီးဌာနတို့၏ ညှိနှိုင်းမှုဖြင့် Family Travel နှင့် ရွှေနဒီ Express ခရီးသည်ပို့ဆောင်ရေးတို့က စီစဉ်ပို့ဆောင်ပေးခြင်းဖြစ်သည်။

မှတ်ပုံတင်အမှတ် (၁၀/–) ကိုင်ဆောင်ထားသော ခရီးသည်များကို ဦးစားပေးအနေဖြင့် အခမဲ့ ပို့ဆောင်ပေးသွားမည်ဟု Family Travel ခရီးသွားလုပ်ငန်းထံမှ သိရသည်။

“ကွာရန်တင်းစခန်းတွေမှာ လူဆန့် သလောက်ကို ကျွန်တော်တို့ကနေပြီးတော့ အခမဲ့ စီစဉ်ပို့ဆောင်ပေးမှာဖြစ်ပါတယ်” ဟု Family Travel မှ ကိုဇော်က ပြောသည်။

လိုက်ပါလိုသူများသည် အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် စသည့်အချက်အလက်များဖြင့် နိုဝင်ဘာ ၂၅ ရက်နေ့မှစပြီး မော်လမြိုင် ရွှေနဒီ Express ကားဂိတ်တွင် ကြိုတင်စာရင်း ပေးနိုင်မည်ဖြစ်သည်။

ပြန်လာမည့်သူများမှာ စစ်တောင်း တံတားဂိတ်တွင် ကျန်းမာရေး စစ်ဆေး မှုခံယူရပြီးနောက် ပြည်နယ် ကျန်းမာရေးဌာနက သတ်မှတ်ထားသည့် ကွာရန် တင်းစခန်းသို့ တိုက်ရိုက်ပို့ဆောင်မည် ဖြစ်သည်။

ကွာရန်တင်းစခန်းတွင် ခုနစ်ရက် နေရမည်ဖြစ်ပြီး ငွေကြေးရေး အခက်အခဲရှိပါက ပြောဆိုညှိနှိုင်းနိုင်သည်ဟု ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒု-ပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောသည်။

ရန်ကုန်မှ မွန်ပြည်နယ်သို့ ပြန်လာသူများကို နိုဝင်ဘာ ၂၈ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်တွင် အောင်မင်္ဂလာ အဝေးပြေးကားဝင်းရှိ ရွှေနဒီ Express ကားဂိတ်မှ စထွက်မည်ဖြစ်သည်။

ယဉ်စနိုင်း