BREAKING
October 30, 2025

ကျိုက်မရော၊ ပျားတောင်ဒေသဘက် စစ်အာဏာရှင်တပ် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုး

October 30, 2025

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပျားတောင်ဒေသဘက်သို့ စစ်အာဏာရှင်တပ် အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေကြောင်း ဒေသခံများထံမှ သိရသည်။

ပျားတောင်ဒေသတွင်း MCL ဘိလပ်မြေစက်ရုံနှင့် အနီးအနားတဝိုက်က ကော့ဒွန်း၊ ကော့ပနော၊ မယ်ကရို၊ ကော့ဝမ်း၊ ကွမ်းငန်း၊ ကတုံစိ အစရှိသည့် ကျေးရွာများဘက်သို့ အင်အား ရာနှင့်ချီရှိသည့် စစ်ကြောင်းသည် အောက်တိုဘာလ ၂၆ ရက်ကစပြီး ဝင်ရောက်လာကြောင်း ၎င်းတို့က ပြောသည်။ 

MCL ဘိဘပ်မြေစက်ရုံနှင့် အနီးအနားတဝိုက်ကို တော်လှန်ရေးတပ်ဖွဲ့ဘက်က ဝင်ရောက်နေရာယူထားသလို ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA လည်း လှုပ်ရှားနေကြောင်း ဒေသခံများက ဆိုသည်။ 

လက်ရှိတွင် ဒေသတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အာဏာရှင်တပ်သည် MCL ဘိဘပ်မြေစက်ရုံနှင့် အနီးအနားတဝိုက်ကျေးရွာများတွင် တပ်စွဲနေရာယူထားကြောင်း ဒေသခံများက ပြောဆိုသည်။ 

“စစ်ကြောင်းက (အင်အား) မနည်းဘူး။ အခုက အဲဒီဘိလပ်မြေစက်ရုံဘက်မှာ ၀င်ရောက်နေရာယူထားတယ်။ အဲဒီဘက်မှာက တော်လှန်ရေးတပ်ဖွဲ့တွေလည်း ရှိနေတော့ တိုက်ပွဲဖြစ်လာမှာလည်း ကြောက်နေရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပျားတောင်ဒေသတွင်း စစ်အာဏာရှင်တပ် စစ်ကြောင်းနှင့် တော်လှန်ရေးတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခြင်း မရှိသေးသော်လည်း စစ်ရေးတင်းမာနေသည့် အနေအထားရှိနေကြောင်း ဒေသခံများက ဆိုသည်။ 

ယင်းအပြင် စစ်အာဏာရှင်တပ် စစ်ကြောင်းသည် MCL ဘိလပ်မြေစက်ရုံတဝိုက်ရှိ ကတုံစိ ရွှေဝါချောင် ကျေးရွာဘက်သို့ ပစ်မှတ်ထားကာ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်နေကြောင်း ၎င်းတို့က ပြောဆိုသည်။

“ဒီနေ့အထိတော့ တိုက်ပွဲလိုမျိုးဖြစ်တာတော့ မရှိသေးဘူး။ ဒါပေမဲ့ စစ်တပ်က ဒရုန်းနဲ့ ကြောက်အောင်ပေါ့၊ ဗုံးတွေ လိုက်ချနေတာတော့ ရှိတယ်။ အခုဆိုရင် စစ်တပ်က ရောက်နေတော့ ဘယ်အချိန် ထပစ်ကြမလဲ အဲဒါကိုပဲ စိုးရိမ်နေရတယ်” ဟု ဒေသခံအမျိုးသား အခြားတစ်ဦးက ပြောသည်။

စစ်ကြောင်း ဝင်ရောက်လာသည့်အတွက် ဒေသခံများ ဖမ်းဆီးခံရမည်ကိုလည်း ကြောက်ရွံ့နေကြသည့်အပြင် တိုက်ပွဲများ ဖြစ်ပွားလာမည်ကိုလည်း စိုးရိမ်ကြောင်း ဒေသခံများက ဆိုသည်။  

စစ်အာဏာရှင်တပ်သည် ပျားတောင်ဒေသအပြင် ချောင်းနှစ်ခွကျေးရွာဘက်သို့လည်း စစ်ကြောင်းထိုးနေသည်။ 

ရွေးကောက်ပွဲကျင်းပမည့် နေရာဒေသများကို စစ်အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးနေပြီး လေကြောင်းတိုက်ခိုက်မှုလည်း ဆက်တိုက်ပြုလုပ်နေသည်။