BREAKING
May 11, 2025

MCL ဘိလပ်မြေစက်ရုံ လုပ်ငန်းအားလုံး ရပ်ဆိုင်း

October 30, 2020

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် တွင်းရှိ ကျောက်မီးသွေးလောင်စာဖြင့် လည်ပတ်နေသည့် မော်လမြိုင်ဘိလပ်မြေ စက်ရုံ (Mawlamyine Cement Ltd. (MCL)မှာ လုပ်ငန်းတစ်ခုလုံးကို အောက်တိုဘာ ၁၅ ရက်နေ့မှ စ၍ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း စက်ရုံက ထုတ်ပြန်လိုက်သည်။

ဘိလပ်မြေထုတ်လုပ်မှုအတွက် သိုလှောင်ထားသော Clinkers (ကုန်ကြမ်းလေးမျိုးပေါင်းစပ်ရာမှထွက်လာသောမီးသင့်ကျောက်) များ ကုန်ခမ်းသွားသည့်အတွက် ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုလုံးကို ရပ်ဆိုင်းလိုက်ရခြင်းဖြစ်သည်ဟု စက်ရုံက အောက်တိုဘာ ၂၀ ရက်နေ့တွင် ထုတ်ပြန်သည်။

MCL အနေဖြင့် ဘိလပ်မြေထုတ် လုပ်ရာတွင် အဓိကကျသည့် ကုန်ကြမ်းဖြစ်သော ထုံးကျောက်ကုန်ကြမ်း ပြတ်လပ်မှုကြောင့် ဇူလိုင်လ ၁၅ ရက်နေ့မှ စပြီး ၎င်းလုပ်ငန်း လည်ပတ်မှု၏ အဓိက အပိုင်းများကို ရပ်ဆိုင်းထားခဲ့ကာ အလုပ်သမား ၁၀ဝ၀ ကျော် အလုပ်အကိုင် ဆုံးရှုံးခဲ့ရပြီး ယခုအခါ လုပ်ငန်းတစ်ခုလုံး ရပ်ဆိုင်းလိုက်သည့်အတွက် နောက်ထပ် ဝန်ထမ်း ၃၀ဝ နီးပါးခန့် ထပ်မံထိခိုက်ခဲ့ရသည်ဟု စက်ရုံတာဝန်ရှိသူက ပြောသည်။

ဝန်ထမ်းများကို လုပ်ငန်းစတင်ရပ်ဆိုင်းသည့် အောက်တိုဘာလ ၁၅ ရက်မှ နိုဝင်ဘာလ ၁၅ ရက်နေ့အထိ တစ်လစာအတွက် လစာ၏ ၄၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးထားပြီး နောက်ပိုင်းအခြေအနေကို ထပ်မံကြေညာပေးသွားမည်ဟု ထုတ်ပြန်ထားသည်။

MCL အနေဖြင့် စက်ရုံ ပြန်လည် လည်ပတ်နိုင်ရန်နှင့် ဝန်ထမ်းများ အလုပ်အကိုင်ပြန်လည်အဆင်ပြေစေရန် အစိုးရက ကူညီဖြေရှင်းပေးရန်လည်း တင်ပြ တောင်းဆိုထားသည်ဟု သိရသည်။

လက်ရှိတွင် MCL ၏ လုပ်ငန်း ဆောင်ရွက်မှုသည် သိုလှောင်ထားသော ဘိလပ်မြေ လက်ကျန်ရောင်းဝယ်မှုအချို့သာ ကျန်ရှိတော့သည်ဟုဆိုသည်။

MCL လပ်မြေစက်ရုံသည် မြန်မာနိုင်ငံသားပိုင် Pacific Link Cement Industries Ltd. မှ အစုရှယ်ယာ ၃၀ ရာခိုင်နှုန်း၊ ထိုင်းနိုင်ငံ SCG (Siam Cement Group) မှ အစုရှယ်ယာ ၇၀ ရာခိုင်နှုန်းဖြင့် ပုဂ္ဂလိကအကျိုးတူအဖြစ် အမေရိကန်ဒေါ်လာ သန်း ၄၀ဝ ရင်းနှီး မြှုပ်နှံထားသည်။

ယင်းစက်ရုံကို ကျောက်မီးသွေးသုံး လောင်စာဖြင့် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် စီးပွားဖြစ် စတင်လည်ပတ်ခဲ့ပြီး တစ်နေ့ ဘိလပ်မြေတန်ချိန် ၅၀ဝ၀ ထုတ်လုပ်သည်။ ကျောက်မီးသွေးလောင်စာဖြင့် လည်ပတ်သည့်အတွက် ဒေသခံ ပြည်သူလူထုနှင့် သဘာဝပတ်ဝန်းကျင်အရေး လှုပ်ရှားတို့၏ ဆန့်ကျင်ကန့်ကွက်မှုနှင့်လည်း ရင်ဆိုင်ခဲ့ရသည်။

Dawei Watch